ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်  ၂၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည်  ယနေ့နံနက် (၀၉:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ  ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ တွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်‌   တွေ့ဆုံသည်။
    ဒုတိယဝန်ကြီးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့်  တည်ဆောက် လျက်ရှိသည့် လေးထပ်ကျောင်းသူ အိပ်ဆောင်၊ ရှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ၊ အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များက စနစ်တကျ စစ်ဆေးကြပ်မတ်ရန်၊ သက်ဆိုင်ရာကုမ္ပဏီများကလည်း လုပ်ငန်းများကို စေတနာထားဆောင်ရွက်သွားကြရန်မှာကြား သည်။
    ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာလအလွန် ပညာသင်ကြားနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်းချက် များနှင့်အညီ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာတို့တွင်  Social Distancing နှင့်အညီ ခင်းကျင်းစီမံ ဆောင်ရွက်ထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    ဒုတိယဝန်ကြီးက ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကို  တွေ့ဆုံမှာကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများ သည် နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သူများဖြစ်ပြီး အတွေးအခေါ် အယူအဆ ခံယူချက် အမျိုးမျိုးရှိသူများဖြစ်၍ ဆရာ၊ဆရာမများ အနေဖြင့် နိုင်ငံတော်၏ရည်မှန်းချက်အရ ကွဲပြားမှုမရှိစေရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရေး လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ လက်ရှိ ဖြစ်ပွားမှုအခြေအနေအရ ရောဂါကူးစက်နှုန်းမြန်ဆန်ပြီး အတည်ပြုလူနာ များပြားလာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ရောဂါကြိုတင်ကာကွယ်ရေး ထုတ်ပြန်ချက်များကို  တိတိကျကျ လိုက်နာသွားရန်လိုအပ်ကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနကထုတ်ပြန်သည့် ဝန်ထမ်းများနှင့် ပတ်သက်၍ လိုက်နာရမည့် အမိန့်၊ ညွှန်ကြားချက်များကို ဝန်ထမ်းအားလုံး သိရှိပြီး လိုက်နာကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် New Normal ပုံစံဖြင့် ဆောင်ရွက်နိုင်ရေးအတွက် Plan များ ရေးဆွဲလေ့ကျင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက် ရှိ ကျောင်းများ ပိတ်ထားရသော်လည်း ဆရာ၊ ဆရာမများ အနေဖြင့် မိမိဘာသာရပ်များကို ပိုမိုတိုးတက်စေရန် Online စနစ်ဖြင့် လေ့လာရေး၊ ခေတ်မီသင်ကြားနည်းစနစ်များကို လေ့လာ၍ ဌာနအတွင်း ပြန်လည်ဆွေးနွေးခြင်းများ‌ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊  အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပါမောက္ခချုပ်များကော်မတီမှ ကြီးမှူးကျင်းပသော အဆင့်မြင့်ပညာ ကဏ္ဍ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပညာရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိပညာပြန့်ပွားရေး Online Zoom Presentation များကိုလည်း တက်ရောက်လေ့လာ သင်ယူပြီး သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ကျောင်း၏  ဥပဓိရုပ် သာယာလှပစေရေး စီမံဆောင်ရွက် ထားကြရန် လိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေများကို ကျန်းမာရေးအသိ၊ ပညာရေး၊ လူမှုရေး ရှုထောင့်များဖြင့် ကြိုတင်မျှော်တွေး စဉ်းစားသုံးသပ် ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြား ခဲ့ပါသည်။    
    ဆက်လက်၍ ဒုတိယဝန်ကြီးသည် (၁၁:၄၅)နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ဧည့်ခန်းမတွင် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အမိန့်ညွှန်ကြားချက်များ အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့်  ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နှစ်ထပ်စားရိပ်သာ၊ စတိုဆောင်၊ ကျောင်းအုပ်ကြီးနေအိမ် စသည့် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး (၁၂:၁၅)နာရီအချိန်တွင်  ဗဟိုလေ့ကျင့်ရေးကျောင်းမှ ပြန်လည် ထွက်ခွာခဲ့ကြောင်း  သတင်းရရှိ သည်။

Post Paragraph