ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပုသိမ်) ဟိုတယ်ဝန်ဆောင်မှုသင်တန်း စာတွေ့ပြီးမြောက်မှုနှင့့်် အိမ်တွင်းမှုသင်တန်းများ ဆင်းပွဲတက်ရောက်

နေပြည်တော်  မတ်၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)၌ ယနေ့နံနက် (၈) နာရီတွင် ဟိုတယ် ဝန်ဆောင်မှု သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃) စာတွေ့ပြီးမြောက်မှု၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၈)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ကို  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများတွင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ တည်းခိုသည့် နေရာဖြစ်သည့်အတွက် ဒေသခံအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့် စာတွေ့သင်တန်း (၃) လ ပြီးဆုံး၍ လက်တွေ့သင်တန်း (၃) လ ဆက်လက်သင်ယူရမည့် ဟိုတယ်အသီးသီး၌ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားသွန်ခွန်စိုက် ကြိုးစားသင်ယူသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမိုရရှိစေရန်အတွက် ပြည်နယ်/တိုင်းဒေသကြီးများတွင် အိမ်တွင်းမှုသင်တန်းကျောင်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန အနေဖြင့်  သင်တန်းသူများ စဉ်ဆက်မပြတ် ရရှိစေရေး၊ သင်တန်းရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ ဝိုင်းဝန်းကူညီပေးသွားမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထူးချွန်ဆုရ သင်တန်းသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမဆောင်များ၊ စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
    အလားတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ)၌လည်း ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃) စာတွေ့ပြီးမြောက်မှုနှင့် အိမ်တွင်းမှုသင်တန်းဆင်းပွဲများ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိရာတွင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ သင်ကြားပေးလျက်ရှိသည့် အိမ်တွင်းမှုသင်တန်းကျောင်း (ပုသိမ်နှင့်ပခုက္ကူ)မှ သင်တန်းဆင်း သင်တန်းသား/သူ (၄၅၀) ဦးအနက်မှ ပုဂံဇုံရှိ ဟိုတယ်များ၌ (၅၅)ဦး၊ မန္တလေးဇုံရှိ ဟိုတယ်များ၌ (၇၅)ဦး၊ မကွေးဇုံရှိဟိုတယ်များ၌ (၂၀)ဦး၊ နေပြည်တော်ဇုံရှိဟိုတယ်များ၌ (၉)ဦး၊ ငွေဆောင်ဇုံရှိ ဟိုတယ်များ၌(၄၇)ဦး၊ ချောင်းသာဇုံရှိ ဟိုတယ်များ၌ (၁၂၀)ဦး၊ သက်ဆိုင်ရာ အခြားမြို့နယ်များရှိ ဟိုတယ်များ၌(၅၂)ဦး၊ စုစုပေါင်း(၃၈၇)ဦးတို့မှာ အလုပ်အကိုင်များရရှိနေပြီး ဘ၀ကိုခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခဲ့ပြီးဖြစ်သည်။
           ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် လပွတ္တာမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် လေ့ကျင့်သင်ကြားပေးနေသော ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ၌ လက်တွေ့လေ့ကျင့်သင်ကြား နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
    ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဘိုကလေး၊မအူပင်) သို့လည်း ရောက်ရှိကာ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph