ကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဖယ်ခုံ မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အလယ်ကယန်းကျေးရွာအုပ်စု ကဖုကျေးရွာမှ ရီလုံရီကန်ကျေးရွာအုပ်စု ဖာလိုင်ကျေးရွာသို့ ဆက်သွယ်သည့် ကဖု-ဖာလိုင် မြေသားလမ်း ၇/၃ မိုင် အနက် ၂/၀ မိုင် ကျောက်ခင်းပြီး ကျန် ၅/၃ မိုင်မှ ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအား ယနေ့နံနက်ပိုင်းက ဖယ်ခုံမြို့ နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကဖု-ဖာလိုင် လမ်းမှာ ၇/၃ မိုင်ရှည်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြေသားလမ်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ချော လမ်း ၂/၀ မိုင်ခင်းခြင်းနှင့် ယခု ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်း ၂/၀ မိုင် ခင်းခြင်းတို့ အား ဆောင်ရွက်လျက်ရှိပြီး ၎င်းလမ်းပေါ်တွင် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ၂၅ ပေ ကွန်ကရစ်တံတားတစ်စင်း၊ ငါးပေ Box Culvert ငါးစင်းနှင့် သုံးပေရေပြွန် ခြောက်စင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျေးရွာအုပ်စုချင်းဆက်လမ်းအား ဆောင်ရွက်ပေးခြင်း အားဖြင့် ၎င်းလမ်းနှင့်ဆက်စပ်လျက်ရှိသည့် ကျေးရွာ ၁၃ ရွာမှ အိမ်ထောင်စု ၁၀၈၉ စုနှင့် လူဦးရေ ၇၀၀၃ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကာ ယခင်က ဒေသခံများအနေဖြင့် ဖယ်ခုံမြို့မှ အလယ်ကယန်းကျေးရွာအုပ်စု၊ ကယောကျေးရွာအုပ်စုနှင့် သိကျိတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ရာတွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အား ဖြတ်၍ သွားရောက်ရပြီး ယခုဆောင်ရွက်လျက်ရှိသည့် ကဖု-ဖာလိုင် ၇/၃ မိုင် လမ်းပိုင်း အားလုံး ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးပါက မိမိမြို့နယ်အတွင်းမှသာ သွားရောက် နိုင်မည်ဖြစ်သဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်