ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများစတင်ဆောင်ရွက်

နိုဝင်ဘာ ၂၆

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းများအား   စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ သိရှိရပါသည်။

            နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအနက် လောက်ကိုင်မြို့နယ်အတွင်းရှိ လောက်ကိုင်မြို့နှင့် ရန်လုံကျိုင်းမြို့တို့အား ဆက်သွယ်ဖောက်လုပ်ထားသော လောက်ကိုင်မြို့ ရှောင်လမ်း (၇/ ၀) မိုင်အား မြေသားလမ်းအဖြစ် ၂၀၁၈ ခုနှစ်မှ စတင်ဖောက်လုပ်ခဲ့ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း(၇)မိုင်နှင့် Box Culvert (၂၀) စင်း၊ ၃၀ ပေ ကွန်ကရစ်တံတား ( ၁) စင်း တို့အား ခွင့်ပြုရန်ပုံငွေကျပ်( ၃၅၆.၉၈၆) သန်းဖြင့် တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါသည်။

            အဆိုပါ မြေသားလမ်းပိုင်းမှ၊ ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်လမ်း (၁/၄) မိုင်အား ခွင့်ပြုရန်ပုံငွေကျပ် (၂၀၇ . ၅၂၃) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ (COVID– 19) ကာလအတွင်း ဖြစ်သော်လည်း လုပ်ငန်းများ အချိန်မီပြီးစီးရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ အနည်းဆုံးလုပ်သားဖြင့် အသုံးပြုကာ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရပါသည်။