ကွတ်ခိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသော ကျေးရွာ ၁၂ ရွာသို့ အိမ်သုံးဆိုလာမီးများ အခမဲ့ပေးအပ်

ကွတ်ခိုင်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ယုံမောကျေးရွာအုပ်စု အတွင်းရှိ လျှပ်စစ်မီး ရရှိရန်ခက်ခဲသော ကျေးရွာ ၁၂ ရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၅၀၀ ဝပ် အိမ်သုံးဆိုလာမီး အစုံ ၁၉၀ ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ကွတ်ခိုင်မြို့ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက ပေးအပ်သည်။

လက်ခံရယူ

ကွတ်ခိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ခေတ္တတာဝန်ခံ ဦးရန်အောင်ကျော်မျိုးနှင့် ဒုတိယဦစီးမှူး ဦးညီတင်တို့က ပေးအပ်ရာ ယုံမောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နှင့် ကျေးရွာတာဝန်ရှိသူများက ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများကိုယ်စား လက်ခံရယူသည်။

“နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လျှပ်စစ်မီး ရရှိဖို့ခက်ခဲတဲ့ ကျေးရွာတွေအတွက် ဘဏ္ဍာနှစ်အလိုက် အိမ်သုံးဆိုလာမီးတွေ အခမဲ့ ဖြန့်ဝေပေးတာ ရှိပါတယ်။ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ပြီးသွားရင်လည်း ဆက်ပြီး ဖြန့်ဝေပေးသွားဖို့ တင်ပြတောင်းခံ ထားပါတယ်” ဟု ဦးရန်အောင်ကျော်မျိုးက ပြောပြသည်။

အိမ်သုံးဆိုလာမီးများ အခမဲ့သုံးစွဲခွင့်ရသည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ အတွက် များစွာအကျိုးသက်ရောက်မှုရှိပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာမည့်အကြောင်းကို ယုံမောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က “လျှပ်စစ်မီးရရှိဖို့ ခက်ခဲတဲ့ ရွာတွေအနေနဲ့ အခုလို အိမ်သုံးဆိုလာမီးတွေ သုံးစွဲခွင့်ရတော့ ကျောင်းနေအရွယ် ကလေးငယ်တွေအတွက် များစွာအကျိုးကျေးဇူးရရှိနိုင်သလို ကျေးလက် နေပြည်သူတွေရဲ့ လူနေမှုဘဝလည်း အရင်ကထက် ပိုပြီးအဆင့်မြင့်လာပါတယ်” ဟု ပြောသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက် လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာမီး ၄၆၉၂ စုံ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုင်းဘဉာဏ်(ကွတ်ခိုင်)