နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီ

by ThuzarMbadm1n / Nov 06, 2018 / 0 comments

နေပြည်တော် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅) နှစ် သက်တမ်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်း အပြီးသတ် ဆန်းစစ်အကဲဖြတ်မှုမစ်ရှင် (Terminal Evaluation Mission) ဆောင်ရွက်ခဲ့မှု အခြေအနေ၊ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် စီမံကိန်း ပူးတွဲညှိနှိုင်းရေးကော်မတီ အစည်းအဝေး (JCC Meeting) အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမရဟိုတယ်တွင် ကျင်းပသည်။

     အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် JICA မြန်မာရုံးမှ Senior Representative ဖြစ်သူ Mr. Kotaro NISHIGATA တို့က အမှာစကားများ ပြောကြားခဲ့ပြီး Terminal Evaluation Mission အဖွဲ့မှ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအား ဆက်စပ်ပတ်သက်မှုရှိမှု (Relevance)၊ အကျိုးရှိမှု (Effectiveness)၊ ထိရောက်မှု (Efficiency)၊ အကျိုးသက်ရောက်မှု (Impact)၊ ရေရှည်တည်တံ့မှု (Sustainability) စသည့် စံနှုန်းများအပေါ် မူတည်၍ ကဏ္ဍအလိုက် စီမံကိန်း လုပ်ငန်းများအား ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

     အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။