နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခေတ်မီ မော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်၍ အလုပ်အကိုင်တစ်ပါတည်းပေးအပ်

by ThuzarMbadm1n / Jan 19, 2018 / 0 comments

ရန်ကုန် ၂၀၁၈ ခုနှစ်၊ဇန်နဝါရီ  ၁၉ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီ မော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက တိုင်းရင်းသူအမျိုးသမီးငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း (၄၃)ကျောင်းတွင် အိမ်တွင်းမှုပညာရပ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်း ကျောင်းများမှ သင်တန်းအောင်မြင်ပြီးသည့် သင်တန်းသူ (၇၈၁၀၀) ဦး အနက် (၂၁၄၅)ဦးကို ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများ သင်ကြားပေးခဲ့ပြီး အထည်ချုပ်စက်ရုံ (၂၄) ရုံ၌ (၂၀၉၈)ဦး ဝင်ရောက် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုသင်တန်း တွင် တိုင်းရင်းသူ (၁၀၀) ဦးအား ၂-၁-၂၀၁၈ မှ ၁၉-၁-၂၀၁၈ထိ အခမဲ့ လေ့ကျင့်သင်ကြားပေးပြီး သင်တန်းဆင်းတိုင်းရင်းသူ (၉၅) ဦးကို အထည်ချုပ်စက်ရုံ (၃) ရုံသို့ ခွဲဝေ၍ လုပ်ငန်းတာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ရန်ကုန်တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ သင်တန်းဆင်း တိုင်းရင်းသူများကို လွှဲပြောင်းအပ်နှံပေးခဲ့ပါသည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ အလုပ်သမား အသိအမှတ်ပြု ကတ်ပြားများ သင်တန်းဆင်းတိုင်းရင်းသူများထံ ပေးအပ်ပြီး၊ အထည်ချုပ်စက်ရုံ များမှ သင်တန်းဆင်း တိုင်းရင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အထည်ချုပ်လုပ်ငန်းရှင်များကိုယ်စား တာဝန်ရှိသူ တစ်ဦး မှ အလုပ်သမားရပိုင်ခွင့်များကိုရှင်းလင်း ပြောကြားပြီး သင်တန်းဆင်းတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။