နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗဟိုလေ့ကျင့်ရေးကျောင်းသင်တန်းများဖွင့်ပွဲတက်ရောက်အမှာစကားပြောကြားခြင်းနှင့် သင်တန်းကျောင်းများစစ်ဆေးခြင်း

by ThuzarMbadm1n / Apr 29, 2019 / 0 comments

ရန်ကုန် ဧပြီ ၂၉ ရက်

                   နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိဗဟိုလေ့ကျင့်ရေး ကျောင်း ၌ ကျင်းပပြုလုပ်သောခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၂)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၅) ၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၅) သင်တန်းများဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ သင်တန်းသား/သူများ နှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည် ။ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ ၊ ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများ ၊ သင်တန်းသား/သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလရက် သတ္တပါတ် (၁၂)ပါတ်ကြာမြင့်မည်ဖြစ်ပါသည်။

                   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံခဲ့၍ ကျောင်း၏တင်ပြချက်များအပေါ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင်နှင့် ဒုတိယကျောင်းအုပ်ကြီးနေအိမ် တည်ဆောက်ရေးလုပ်ငန်း အား ကြည့်ရှုစစ်ဆေးခဲ့ရာ အင်ဂျင်နီယာမှူးကြီး နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ ပါသည်။ဆက်လက်၍ သင်တန်းများ ဆွေးနွေးပို့ချနေမှုများကိုလိုက်လံကြည့်ရှုခဲ့ပြီး သင်တန်းသား/သူများနှင့်အတူနေ့လယ်စာ သုံးဆောင် ခဲ့ ပါသည်။

                   ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ရန်ကုန်သို့ ရောက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ၊ ကျောင်းသား (၅၀၀)ဆံ့ စုပေါင်းစာသင်ခန်းမ(Theatre)နှင့် (၆)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း

လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ပါသည်။ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများဖြစ်သဖြင့်မလိုလားအပ်သောလေလွင့်ဆုံးရှုံးမှုများမရှိစေရေး၊ ခွင့်ပြုသည့် လုပ်ငန်းတန်ဖိုးနှင့် ညီမျှသည့်အရည်အသွေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးတို့ကိုမှာကြားခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောက်လုပ်ရန် လျာထားသည့် (၄)ထပ်ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                   ထို့နောက်ဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့် က ဒုတိယစာသင်နှစ်ဝက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကျောင်းဆိုင်ရာအချက်အလက်များ အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျောင်း၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်ရှိစာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ ကျောင်းတွင်းစိမ်းလန်းစိုပြေရေး ဆောင်ရွက် ထားမှုများနှင့် ရေ/မီးရရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                   နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (၁)ခု နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (၂)ကျောင်းကို ရန်ကုန်နှင့် စစ်ကိုင်းတို့တွင် ဖွင့်လှစ် ထားရှိပြီးနယ်စပ်ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား လက်ခံသင်ကြား ပေးလျက်ရှိပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် အေဂျီတီအိုင်ဒီပလိုမာပေးအပ်လျက်ရှိပြီးတစ်နှစ်လျှင် ကျောင်းသား/သူ(၉၀၀)ကျော် မွေးထုတ်လျက် ရှိပြီး နယ်စပ်ဒေသ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။