ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin လာရောက်တွေ့ဆုံ

by ThuzarMbadm1n / May 22, 2019 / 0 comments

နေပြည်တော် မေ ၂၂

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin နှင့်အဖွဲ့သည် ယနေ့နေ့လည် (၁၃:၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ Swiss Agency for Development and Cooperation (SDC) တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၆.၄) သန်းဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လမ်းတံတားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများ အပေါ်ဆန်းစစ်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်းဆိုင်ရာ အတွေးအမြင်များ၊ အလားတူ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် SWISSAID တို့ ပူးပေါင်း၍ ၂၀၁၆  ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ   (၃.၀၃) သန်းဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို Substainable Development ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ပြီး အဆိုပါ SWISSAID နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃.၀၀၃) သန်းဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ရေရှည်တည်တံ့သော ဘက်စုံ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို Memorandum of Understanding (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ တိုးတက်ဖြစ်ထွန်းမှုအခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို နှစ်ဦးနှစ်ဖက် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။