ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး လာရောက်တွေ့ဆုံ

by ThuzarMbadm1n / May 23, 2019 / 0 comments

နေပြည်တော် မေ ၂၃

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi သည် ယနေ့နံနက် (၉) နာရီတွင် နယ်စပ် ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ် လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် အခြေအနေ များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုဆိုင်ရာ ကိစ္စရပ်များ၊ လတ်တလော တိုက်ပွဲရှောင်ပြည်သူများအတွက် စားဝတ်နေရေး ထောက်ပံ့ကူညီပေးရေးကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသော အစ္စလာမ်ဘာသာဝင်များ ပြန်လည်လက်ခံရေးနှင့်  ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများ၊ တောင်ပေါ် IDPs စခန်း (မြေပုံမြို့နယ်) ပိတ်သိမ်းနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက် နေမှုအခြေအနေများနှင့် ကျန် IDPs စခန်းများ ပိတ်သိမ်းရေးအတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။         

          အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။