နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုမှ ရှင်းလင်းပြောကြားချက်များ

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်သူ့ အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို က နယ်စပ်ဒေသများ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာစေရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး စသည့် အဓိကလုပ်ငန်း တာဝန်ကြီး နှစ်ရပ်ကို လုပ်ဆောင် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ ခြောက်ခုရှိ မြို့နယ် ၁၆၇ မြို့နယ်မှ ကျေးရွာပေါင်း ၃၀၀၀၀ ကျော်၏ လူဦးရေ ၁၉ သန်းကျော် ကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့လူဦးရေ၏ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းကို လွှမ်းခြုံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

စတုတ္တ (၁) နှစ်တာကာလအတွင်း မြေလမ်း ၂၃၀ မိုင် လေးဖာလုံ၊ လမ်းတာချဲ့ခြင်း၊ ၃၉ မိုင် ၃ ဖာလုံ၊ ဖြုန်းကျောက် ခင်းခြင်း ၁၁ မိုင်၊ ကျောက်လမ်း ၂၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာ လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၃ ဖာလုံ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၅၅ မိုင် ၁ ဖာလုံ၊ တံတားကြီး/ ငယ်/ လတ် ၁၂၇ စင်း၊ Box Culvert အစင်း ၈၃၀ ၊ ကျေးရွာ အရောက် စိမ့်စမ်းရေ ၄၈ မိုင် ၁ ဖာလုံ၊ ရေသွယ်ယူခြင်း၊ စက်ရေတွင်း(တွင်းနက်) ၆ တွင်း၊ စက်တူး တွင်း (တွင်းတိမ်) ၁၁ တွင်း၊ ရေလှောင်ကန် တစ်ကန်၊ အုတ်ရေကန် ၃၁၀၊ လျှပ်စစ် မီးသွယ်တန်းခြင်း ၂၃ မိုင် ၆ ဖာလုံ၊ ဆိုလာမီးလင်းရေး ၁၇၉ စုံနှင့် တန်ဖိုးနည်းအိမ်ရာ ၂၇၇လုံးတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးထူး ခြားခြားဆောင်ရွက်ပေးမှုအနေဖြင့် ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူး (၆၅/၄)မိုင် ဖောက်လုပ် ခြင်းလုပ်ငန်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မဂွေဇ-ခေါင်လန်ဖူးလမ်း ၃၃ မိုင် ၆ ဖာလုံ ဖောက်လုပ်နိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆန်းလွတ်ချက်တောင်ထိပ်မှ မေခမြစ် ကမ်းပါးအထိ ၄၃ မိုင် ၂ ဖာလုံ လမ်းဖောက်နိုင်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ မဂွေဇမှ မေခမြစ်ဘေး ရီဒမ်းကြိုးတံတား အကျော် (၄၇/၀)မိုင်အထိ ကားလမ်းဖောက်လုပ်ဆဲဖြစ်ပြီး မိုင်တိုင် (၄၇/၀) မိုင်မှ ခေါင်လန်ဖူးအထိ မော်တော်ဆိုင်ကယ် လမ်း (၁၈/၄) မိုင်ကို ဖောက်လုပ်နိုင်ခဲ့ရာ ယခုအခါ ပူတာအို - မဂွေဇ - မေခမြစ်ကမ်း ရီဒမ်းကြိုးတံတား အရှေ့ဘက်ကမ်း (၁၀၃/၃)မိုင် ခရီးကို မော်တော်ယာဉ်များဖြင့် သွားလာနိုင်ပြီဖြစ်၍ ရီဒမ်းကြိုးတံတားမှ ခေါင်လန်ဖူးအထိ မော်တော် ဆိုင်ကယ်များဖြင့် နေ့ချင်းပေါက်သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ခါကာဘိုရာဇီ ရေခဲ တောင်ဒေသ ပန်နန်းဒင် - ငါဝါ - ဂဝိုင် - ဒုံဇုံ - တဆူထု- တလာထု - ခရောင် - ဒဟွမ်ဒမ်းလမ်း ၆၃ မိုင် မြေသား လမ်းဖောက်လုပ်ခြင်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အဆိုပါ မြေသားလမ်း ၆၃ မိုင်အနက် ၁၅ မိုင် စတင်ဖောက်လုပ်ခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရှစ်မိုင် ပြီးစီးကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခုနစ်မိုင် ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း။

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့၏ ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု လေးခု၌ ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက်နေမှုအနေဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု လေးခုရှိ ကျေးရွာ ၉၇ ရွာတို့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ စ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ သုံးနှစ် ရှေ့ပြေးစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှေ့ပြေး စီမံကိန်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြေလမ်း ၄၆ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၂ မိုင်၊ ကတ္တရာလမ်း ၃ မိုင်၊ တံတား ခြောက်စင်း၊ Box Culvert ၁၅၄ စင်း၊ ရေသွယ်ယူခြင်း ၃၁ မိုင် ၅ ဖာလုံ၊ ရေလှောင်ကန် ငါးကန်၊ စက်ရေတွင်း သုံးတွင်း၊ မီးသွယ် တန်းခြင်း ၁၁ မိုင်၊ ဆိုလာ ၃၆၇ စုံ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု

စတုတ္ထ (၁)နှစ်ကာလအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ထူးခြားသောအချက် တစ်ချက်ဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ အချို့ဒေသများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလျင်မြန်တိုးတက်ပြီး အကျိုးရှိရန်အတွက် နိုင်ငံတော်မှ မြေလမ်းခွင့်ပြုပေးပါက ကျောက်ခင်းလမ်း/ အမာခံ ဗြုန်းခင်းလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ကျောက်ခင်းလမ်းခွင့်ပြုပေးပါက ကတ္တရာလမ်းအထိ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း လမ်းမိုင် ၆၁ မိုင် နှင့် အခြားလမ်းငယ်များကို ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ခဲ့သည့်အနက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီရီး-ထီရီးဗောင်း-ဗောင်းပြုံး ကွန်ကရစ်လမ်းသစ် ၄ မိုင်၊ အကျယ် ၁၂ ပေ၊ ၆ လက်မ ထုရှိပြီး ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၁၃၆ သန်းနှင့် ကျေးရွာလူထု၏ လုပ်အားဖြင့် စုပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်လူရွယ်များကို အခြေခံ၊ အဆင့်မြင့်ပညာရပ်များနှင့် သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး လူ့စွမ်းအားအရင်းအမြစ် နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)တွင် မဟာပညာရေး၊ မဟာဒဿန၊ ဆရာအတတ်သင်ဒီပလိုမာနှင့် ဆရာအတတ်သင် သင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပညာရေးဘွဲ့ ငါးနှစ်သင်တန်း ပထမနှစ်မှ ပဉ္စမနှစ်အထိ ၁၅၄၂ ဦး၊ မဟာပညာရေးဘွဲ့ ၂ နှစ်သင်တန်းကို ၂၈ ဦးနှင့် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ၇၃ ဦး စုစုပေါင်း ၁၆၄၃ ဦး မွေးထုတ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၄၇၂၁ ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ရေး၊ စီမံခန့်ခွဲရေး၊ စာရေးဝန်ထမ်းသင်တန်းများ ပို့ချပေးလျက်ရှိရာ စတုတ္ထ (၁)နှစ်တာကာလအတွင်း သင်တန်းသား/သင်တန်းသူ ၉၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကဏ္ဍ၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၉ ကျောင်းမှ သင်တန်းသားစုစုပေါင်း ၅၃၉၄ ဦး မွေးထုတ်ပေးခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလ အတွင်း သင်တန်းသား စုစုပေါင်း ၉၄၈ ဦး သင်တန်း တက်ရောက် အောင်မြင်ခဲ့ပါကြောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းမှ သင်တန်းသူ ၉၁၈၀၆ ဦး လေ့ကျင့် သင်ကြားပေးခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သတင်းမီဒီယာများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံအကြား နှစ်နိုင်ငံသဘောတူညီချက် နားလည်မှုစာချွန်လွှာတွင် “(၃)နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှု စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာစာလွှာ” နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ၎င်းမှာ သုံးနှစ် စီမံကိန်းဖြစ်ပြီး Survey လုပ်နေသည့်အဆင့်တွင် ရှိပါကြောင်း၊ မည်သည့်စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရမည်ကို နယ်စပ်ဒေသရှိ ဒေသအာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် လမ်း၊ တံတားများ ရေရှည်တည်တံ့နိုင်ရန် တင်ဒါခေါ်ယူရာတွင် ထည့်သွင်းထားသည့် စည်းမျဉ်း စည်းကမ်းများ၊ ပြုပြင် ထိန်းသိမ်းမှုဆောင်ရွက်ခြင်း အခြေအနေများနှင့် စပ်လျဉ်း ၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားကြသည်။