နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဂွေဇ - ဆန်းလွတ်ချက် တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပူတာအို၊ ဇန်နဝါရီ ၈
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အထူူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးခန်လင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ပူတာအိုလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
    ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် မလိခလော့ဒ် ဟိုတယ်သို့ရောက်ရှိကြပြီး ဟိုတယ်ခန်းမ၌ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး (၆၅ မိုင် ၄ ဖာလုံ) လမ်းဖောက်လုပ်မှုအခြေအနေ၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်ခဲ့သည့်အခြေအနေ၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် လျှက်ရှိသည့်အခြေအနေ၊ ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ် က မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်လုပ်မှု အင်ဂျင်နီယာပိုင်းဆိုင်ရာ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး (၆၅ မိုင် ၄ ဖာလုံ) လမ်းဖောက်လုပ်မှုပုံစံငယ်ကို ကြည့်ရှု သည်။
    ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ် ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တပ်မတော်ရဟတ်ယာဉ်များဖြင့် နောင်မွန်မြို့နယ် မဂွေဇယာယီမဏ္ဍပ်သို့ရောက်ရှိကြပြီး မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ယခု ဒီကိုရောက်လာပြီးတော့ လမ်းဖွင့်ပွဲမှာ ပါဝင်တက်ရောက်နိုင်တဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ ဒေသခံပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများနဲ့တွေ့ရတဲ့အတွက် အင်မတန်မှဝမ်းသာပါ တယ်။ ဒီလိုနေရာကိုလာဖို့ ဆိုတာ မလွယ်ပါဘူး။ လာတဲ့အခါမှာလည်း ကျွန်မတို့ပိုပြီးတော့ အချင်းချင်းနီးစပ်သွားတယ်လို့ ခံစားရပါတယ်။ ဒီလိုလမ်းတွေဖောက်တယ်ဆိုတာ အဓိကအားဖြင့် ကျွန်မတို့ ဒေသဖွံ့ဖြိုးရေးအတွက်လည်းဖြစ်တယ်။ ဒါပေမယ့် ပိုပြီးတော့အရေးကြီးတာက ကျွန်မ တို့ပြည်ထောင်စုတိုင်းရင်းသားများအားလုံးကြားထဲမှာ နီးစပ်လာအောင် လုပ်တာဖြစ် ပါတယ်။ လမ်းမဖောက်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိဖို့ ဆိုတာ မလွယ်ပါ ဘူး။ လမ်းဖောက်လိုက်တယ်ဆိုတာနဲ့ပဲ ထိတွေ့မှု တံတားကြီး တစ်ခုဆောက်လိုက်သလိုပါပဲ။ လမ်းတွေ၊ တံတားတွေဖောက်တယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က ဒါပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆိုတာလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပေမယ့် ပိုပြီးတော့ အရေးကြီးတာက ညီညွတ်မှုအင်အားပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို လမ်းဖောက်တဲ့ အခါမှာ လမ်းဖောက်ဖြစ်အောင်လို့ လုပ်ပေးတဲ့ကျွန်မတို့ရဲ့ အလုပ်သမားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
    “ဒီမှာဆိုရင် တစ်နိုင်ငံလုံးက အလုပ်သမားတွေ ရောက်နေတယ်လို့ ကျွန်မ နားလည် ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ ကျွန်မတို့နိုင်ငံကိုတည်ထောင်ဖို့ဆိုတာ တစ်နိုင်ငံလုံး ဒေသမရွေး အားလုံးပါဝင်ပြီးတော့ ဆောင်ရွက်မှအောင်မြင်နိုင်မယ်ဆိုတာကို ပြတာပဲ ဖြစ်ပါတယ်။ အခုဒီလိုလမ်းဖောက်တဲ့အချိန်မှာ ဘာတွေကိုသင်ခန်းစာယူရမလဲ ဆိုတော့ ဒီလမ်းဟာအင်မတန်မှ ခက်ခဲပါတယ်။ ဘယ်လိုပဲခက်ခဲခက်ခဲ တကယ်ဆန္ဒရှိတယ်၊ တကယ်ပဲလုံ့လ၊ ဝီရိယနဲ့စုပေါင်းပြီးတော့လုပ်သွားမယ်ဆိုရင် မကျော်လွှားနိုင်တဲ့ အခက် အခဲဘာမှမရှိပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီဟာတွေကို အဓိကထားပြီးတော့ လုပ်စေချင် ပါတယ်။
    “ဒါပေမယ့် ကျွန်မဒီမှာလာတဲ့အခါ နည်းနည်းသတိထားမိတာက ကျွန်မတို့ တိုင်းရင်းသားတွေက နည်းနည်းသေးတယ်။ အဲဒီတော့ အာဟာရပြည့်ပြည့်ဝဝနဲ့ ပိုပြီးတော့ စားဖို့လိုလိမ့်မယ်ထင်တယ်။ ဒီလိုလမ်းဖောက်လိုက်ခြင်းအားဖြင့်လည်း ပိုပြီး တော့ အာဟာရပြည့်ဝတဲ့အစားအစာတွေလည်း သယ်ယူဖို့ လွယ်ကူလာလိမ့်မယ်လို့ ကျွန်မတို့ထင်မိပါတယ်။ လူငယ်တွေပိုပြီး ကြီးထွားလာနိုင်အောင်လို့ အားလုံးပူးပေါင်း ဆောင်ရွက်ရမယ်။ လမ်းဖောက်ပြီးရင် ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်နိုင်မယ့် အခွင့်အရေးတွေ ကျွန်မတို့ ရလာမှာဖြစ်ပါတယ်။
    “ဒီဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ ကျွန်မတို့ရဲ့တိုင်းရင်းသားများအားလုံး စိတ်ပိုင်း ဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်ပါတယ်။ အားလုံးကို ကျွန်မတို့ ကတော့ တစ်စုတစ်စည်းတည်း တစ်ပြေးညီပဲ ဖြစ်ချင်ပါတယ်။ နိုင်ငံတစ် နိုင်ငံမှာ အားလုံးတစ်ပြေးညီဖြစ်တယ်ဆိုတာဟာလည်း နိုင်ငံ့ရဲ့ဂုဏ်သိက္ခာပါပဲ။ နိုင်ငံ တစ်နိုင်ငံ မှာ ဆင်းရဲချမ်းသာသိပ်ပြီးတော့ ကွာဟမှုရှိတယ်ဆိုတာ နိုင်ငံအတွက် ကောင်းတာ မဟုတ်ပါဘူး။ ဒီလိုကွာဟမှုတွေဆိုတာကလည်း ဒေသရဲ့လမ်းပန်းဆက် သွယ်ရေး အခက်အခဲနဲ့လည်းဆိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိတဲ့အခါ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေလုပ်ဖို့ဟာကလည်း ခက်ခဲလာပါတယ်။ ဒါကြောင့် ကျွန်မတို့လမ်း ဖောက်တဲ့အလုပ်ဟာ အင်မတန်မှမွန်မြတ်တဲ့အလုပ်လို့ ကျွန်မအနေနဲ့ ခံယူချင်ပါတယ်။
    “တစ်နိုင်ငံလုံးသွားခဲ့တဲ့အခါမှာ လမ်းတွေဖောက်နေတဲ့လမ်းလုပ်သားတွေ နေရာ တိုင်းမှာတွေ့ခဲ့ရတယ်။ ဒါပေမယ့် လမ်းလုပ်သားတွေက ဒေသခံတွေတင် မဟုတ် ပါဘူး။ တစ်ချို့ဆိုရင် အင်မတန်မှဝေးတဲ့ တိုင်းတွေကနေ လာရောက်ပြီးတော့ အလုပ် လုပ်နေတာတွေကျွန်မတွေ့ရပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ဖေ့ဖေ့ရဲ့ဇာတိ ဖြစ်တဲ့ မကွေးတိုင်းကအလုပ်သမားတွေကိုလည်း ကျွန်မတို့ ခဏခဏတွေ့ရပါတယ်။ လမ်းလုပ်သားတွေ။ ရှမ်းပြည်နယ်မှာ လည်းတွေ့ရတယ်။ ကရင်ပြည်နယ်မှာလည်း တွေ့ရတယ်။ တစ်တိုင်းပြည်လုံးမှာ ကျွန်မတို့ တိုင်းရင်းသူ တိုင်းရင်းသားများဟာ ဖြန့်ပြီး တော့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့၊ ရတဲ့ဘက်ကနေ ပြီးတော့ လုပ်နေတယ်ဆိုတာ မြင်ရတဲ့အခါ အင်မတန် မှအားတက်ရပါတယ်။ ဒါကြောင့်မို့လို့ အခုလိုအချိန် မှာဆိုရင် ဒီလိုစုဝေးနိုင်တာကိုလည်း အားလည်းရတယ်။ လာရောက်တဲ့သူတွေကိုလည်း ကျေးဇူး တင်တယ်။ ဒီလောက် တောင်စုဝေးနိုင်မယ်လို့လည်း မမျှော်လင့်ခဲ့ဘူူး။ ဘာဖြစ်လို့လဲဆို တော့ သွားလာရတာ အခုထက်ထိတော့ ခက်ခဲသေးတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် လည်း အခုမော်တော်ဆိုင်ကယ်က ပေါက်နေပြီးတော့ နေရာတော်တော်များများမှာ အရင်ကထက်စာရင် အင်မတန်မှလွယ် သွားပြီဆိုတာကို ကျွန်မတို့အခုမြင် နေရပြီဖြစ် တယ်။ ဒီလိုလွယ်သွားတာကြောင့် မို့လို့လည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီး သိကျွမ်းဖို့၊ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး နားလည်မှုယူဖို့၊ တစ်ယောက်နဲ့တစ် ယောက် ပိုပြီးကူညီဖို့ ပေါ်ပေါက်လာတဲ့အခွင့်အရေး တွေကိုလည်း သုံးကြပါလို့ကျွန်မ အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
    “ကိုယ့်ကိုယ်ကိုယ်ကို အားဖြည့်တာဆိုတာဟာ ကိုယ့်ပတ်ဝန်းကျင်ကိုအားဖြည့် ပေးရဲမှဖြစ်နိုင်မှာပါ။ ဘယ်သူမှတစ်ယောက်တည်းရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒေသတစ်ခုဖွံ့ဖြိုးသွားပြီဆိုရင် အဝေးက ဒေသတွေကိုလည်း ပိုပြီးတော့ဖွံ့ဖြိုးပေးဖို့ ကျွန်မတို့မှာကူညီနိုင်တဲ့ အခွင့်အရေးတွေရှိသလို အခွင့်အရေးပေးဖို့လည်းတာဝန်ရှိ တယ်လို့ ကျွန်မအနေနဲ့သဘောထားစေချင်ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများ အားလုံးဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမယ်။ တစ်ဖက် သတ်ပဲကြည့်လို့မရပါဘူး။ ထိုနည်း၎င်းပဲ အစိုးရများဆိုတာလည်း ပြည်သူလူထု ရဲ့အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့နည်းတူ ပြည်သူလူထုကနေပြီးတော့ ယုံယုံ ကြည်ကြည်နဲ့ ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုစုပေါင်းပြီးတော့ တာဝန်သိစိတ်နဲ့လုပ်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ ရဟတ်ယာဉ်နဲ့ကြည့်လိုက်တဲ့အခါ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်မှာ တောကြီးတွေဟာ အခုထက်ထိထူထပ်စွာနဲ့ ဟိုးပဝေသဏီ ကတည်းက တည်ရှိခဲ့ပြီးတော့ မပျက်မစီးမြင်ရတဲ့အခါ အင်မတန်မှ အားတက်တယ်။ တစ်ဖက်ကနေ စဉ်းစားလိုက်ရင် ကျွန်မတို့နိုင်ငံဘယ်လောက်လှပလဲ။ ကျွန်မတို့နိုင်ငံက ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကိုလည်း ကျွန်မစိတ်ထဲမှာ ခံစားရတယ်။ ဒီလိုတန်ဖိုးရှိတဲ့၊ လှပတဲ့ နို်င်ငံတစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တစ်ဦးချင်းတစ်ဦးချင်းမှာ တာဝန်ရှိ တယ်။ စောင့်ရှောက်ချင်တဲ့ စိတ်ဓာတ်လည်းရှိရမယ်။ တန်ဖိုးထားတတ်တဲ့ သဘော ထားလည်းရှိရမယ်။ နေ့တိုင်းမြင်နေရလို့ ကိုယ့်ပတ်ဝန်းကျင်ကို အလေးမထားတဲ့ အခြေ အနေမဖြစ်သွားပါစေနဲ့။ နေ့တိုင်းနေ့တိုင်း ဒီလိုပတ်ဝန်းကျင်မှာ နေနိုင်တာဟာ ကိုယ့်ရဲ့ ကံကောင်းတယ်၊ ကံထူးတယ်လို့ စိတ်ထဲမှာမှတ်စေချင်တယ်။ မှန်ပါတယ် ဒီလိုနေရာ မျိုးဟာ ခက်ခဲတဲ့ဟာတွေ အများကြီးရှိပါတယ်။ ခက်ခက်ခဲခဲလာရတယ်။ သွားရတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရတယ်။ ဒါပေမယ့် ဒီလိုခက်ခက်ခဲခဲလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အင်အားတွေကို တက်လာ အောင်လုပ်နိုင်ပါတယ်။
    “ဒါကြောင့် ကျွန်မတို့်ရဲ့နိုင်ငံ၊ အင်မတန်မှလှပတဲ့ သဘာဝကနေ ပေးအပ်ထားတဲ့ နိုင်ငံကြီးကို ထိန်းသိမ်းဖို့ အင်မတန်အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုရောက်လာပြီဆိုရင် တစ်ခါတလေ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ကျွန်မတို့က စပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကတည်းက သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်လို့လည်း စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားစေချင်ပါတယ်။ ကိုယ့်ရဲ့သားသမီးတွေ၊ ကလေးတွေကို လည်း ကိုယ့်ပတ်ဝန်းကျင်ရဲ့ လှပမှုကို နားလည်အောင်၊ တန်ဖိုးထားအောင် ၊ ကျွန်မတို့ ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ စိတ်ဓာတ်တွေရှိအောင် သင်ပေးစေချင် ပါတယ်။ လူကြီးတွေဟာ ပိုက်ဆံချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ၊ ရာထူး ကြီးသည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ မိမိတို့ရဲ့ သားသမီးများ၊ နောင်လာနောက်သားများအ တွက် ပေးကမ်းနိ်ုင်တဲ့၊ ထားပစ်ခဲ့နိုင်တဲ့ အကောင်းဆုံးအမွေအနှစ်ကတော့ မှန်ကန်တဲ့ စိတ်ထားတွေပဲဖြစ်ပါတယ်။ အဲဒါကတော့ လူတိုင်းလူတိုင်း လုပ်နိုင်တယ်။ ပိုက်ဆံမရှိ တဲ့သူလည်း လုပ်နိုင်တယ်။ ရာထူးမရှိတဲ့သူလည်းလုပ်နိုင်တယ်။
    “တစ်ခါတလေ အင်မတန်မှ ချမ်းသာကြွယ်ဝပြီးတော့၊ ရာထူးကြီးမြင့်ပြီးတော့ သားသမီးများကို ကောင်းတဲ့စိတ်ဓာတ် အမွေအနှစ်ကို မပေးခဲ့ဘူးဆိုရင် ဒီသားသမီး များဟာ ဘယ်သူ့ကိုမှ အကျိုးပြုနိုင်မှာမဟုတ်ပါဘူး။ အခြားသူကို အကျိုးမပြုနိုင်တဲ့သူ ဆိုတာ နောက်ဆုံးကျတော့ မိမိကိုယ်မိမိလည်း အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ရဲ့တိုင်းရင်းသားများအားလုံး၊ ပြည်ထောင်စုသားများအားလုံးဟာ ကိုယ့်ရဲ့သားသမီး တွေ၊ ကိုယ့်ရဲ့ကလေးတွေကို ကောင်းတဲ့အမွေအနှစ်တွေ ပေးခဲ့နိုင်အောင်လို့ ကိုယ် ကိုယ်တိုင်က မှန်မှန်ကန်ကန်ကျင့်ကြံပါ။ မှန်ကန်တဲ့စိတ်ထားတွေကိုထားပါ။ ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တယ်။ ပြောတဲ့ဘာသာစကား ချင်းလည်းမတူဘူး။ ကိုးကွယ်တဲ့ဘာသာချင်းလည်းမတူဘူး။ နိစ္စဓူဝ စားပုံ သောက်ပုံ ချင်းလည်း မတူဘူး။
    “ဒါပေမယ့် မတူကွဲပြားမှုတွေဟာ ကျွန်မတို့အတွက် ကြောက်စရာမဟုတ်ဘူး။ စိုး ရိမ်စရာမဟုတ်ဘူး။ ဒီဟာ ကျွန်မတို့အတွက် စိတ်ဝင်စားစရာ တစ်ဦးနဲ့တစ်ဦး အင်အား ဖြည့်ပေးစရာလည်းဖြစ်ပါတယ်။ အားလုံးဟာ တစ်ပုံစံတည်းဆိုရင် ကမ္ဘာကြီးဟာ အင်မ တန်မှ ကျဉ်းမြောင်းသွားပါလိ်မ့်မယ်။ ဥပမာဆိုရင် တစ်ယောက်က သီချင်းဆိုတတ် တယ်။ တစ်ယောက်ကနေပြီးတော့ ဆိုင်းတီးတတ်တယ်ဆိုရင် သီချင်းဆိုတာဟာ ဆိုင်း မပါဘဲ သီချင်းဆိုတာထက် ဆိုင်းပါပြီး သီချင်းဆိုတာဟာ ပိုပြီးတော့ ဝေဆာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အင်အားတွေ ပေါင်းလိုက်တဲ့ဟာက ကိုယ်တစ် ယောက်တည်းရဲ့အင်အားကို သုံးတာထက် အင်မတန်မှ အင်အားကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းသားများ အခုဒီလိုနေရာမျိုးမှာ လာရတဲ့အခါမှာ ဒီလို ဝေး လံခေါင်သီတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစု အမျိုးမျိုး ကျွန်မတို့တွေ့ရတယ်။ လူမျိုးစု တစ်မျိုးတည်း နေတာမဟုတ်ဘူး။
    “ဒီလိုဝိုင်းဝန်းပြီးတော့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင်လို့ နေနို်င်တာဟာ ဒီဒေသခံ တွေရဲ့ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့ အရည်အချင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီအရည် အချင်းကို ထိန်းသိမ်းထားစေချင်တယ်။ အချင်းချင်းကြားမှာ အဆင်ပြေအောင် နေတတ် တာ၊ ချစ်ခင်မှုကို တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်လုပ်တတ်တာဟာ ကျွန်မတို့ နိုင်ငံရဲ့ အဓိကအင်အားဖြစ်ရမယ်။ ကမ္ဘာကြီးဟာ အမြဲပဲ မေတ္တာအပေါ်မှာ အခြေခံပြီး တော့ဆောင်ရွက်ကြတာမဟုတ်ပါဘူး။ မေတ္တာကို ပထမတန်းစား တန်ဖိုးအနေနဲ့ ထားပြီးတော့ လှုပ်ရှားတဲ့ လူ့အသိုင်းအဝိုင်းတွေဆိုတာ တစ်နေ့ထက်တစ်နေ့ နည်းလာ တာကိုလည်း မြင်ရပါလိမ့်မယ်။
    “ဒါပေမယ့် အဲဒီလို ကျွန်မတို့ရဲ့နိုင်ငံမှာ မေတ္တာကို အခြေခံပြီးတော့ ဖွံ့ဖြိုးမှုရရှိ အောင်လုပ်နိုင်မယ့် လူ့အသိုင်းအဝိုင်း ထူထောင်နိုင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီတစ် ကမ္ဘာကြီးနဲ့ အခြားနိုင်ငံတွေထက် ပိုပြီးတော့ သာလွန်တဲ့ ချမ်းသာမှုကို ကျွန်မတို့ ရနိုင် မှာပါ။ စိတ်၏ချမ်းသာမှု၊ ကိုယ်၏ချမ်းသာမှု နှစ်မျိုးရှိပါတယ်။ ကိုယ်၏ချမ်းသာမှုဟာ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာချမ်းသာမှု လိုအပ်ချက်တွေဟာ ဒီလောက်များတာ မဟုတ်ပါဘူး။ စိတ်ကမကျေနပ်လို့သာ များများ များများလာတာပါ။ လူ့ရဲ့စိတ်ဆိုတာ ကျွန်မတို့ ဆိုရိုးစကားရှိပါတယ်။ လူ့အလို နတ်မဖြည့်နိုင်ဘူးဆိုတာ လူတွေက တစ်ခုပြီး တစ်ခု လိုနေတဲ့အခါကျတော့ နတ်များတောင်မှ မဖြည့်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်ပဲ လိုအပ်သလားဆိုတော့ တကယ်တော့ လိုအပ်တာမဟုတ်ပါဘူး။ စိတ်က လိုအပ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က စိတ်ပို်င်းဆိုင်ရာ ရင့်ကျက်အောင် လည်းလုပ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ဒီနှစ်ခုကိုတွဲပြီးမှ ကျွန်မတို့နိုင်ငံကြီးကို တိုးတက်သာယာအောင် လုပ်ဆောင်နိုင်မှာဖြစ် ပါတယ်။
    “ကျွန်မတို့ အခုလို လမ်းဖွင့်လိုက်တယ်၊ လမ်းဖောက်လိုက်တယ်ဆိုတာဟာ ကျွန်မတို့ရဲ့နိုင်ငံ တကယ်တိုးတက်နိုင်မယ့်အခြေအနေကို သွားနိုင်မယ့်လမ်းကို ဖွင့်ပေး တာပဲဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဆိုတာ ဖောက်လိုက်ပြီ၊ ဖွင့်လိုက်ပြီ ဒီလမ်းကို လျှောက်မှ ဒီလမ်းကိုအသုံးချမှ အသုံးချတဲ့သူအတွက် တန်ဖိုးရှိမှာပဲဖြစ်ပါတယ်။ လမ်းတစ်ခုကို ဖောက်ပေးတယ်၊ ဆောက်ပေးတယ်၊ ဖွင့်ပေးတယ် ဒါပေမယ့် ဒီမှာရှိနေတဲ့ ဒီလမ်းကိုသုံးနိုင်တဲ့ ပုဂ္ဂိုလ်များက မသုံးဘဲနဲ့ အရင်အတိုင်းပဲ အရင်ပုံစံ အတိုင်းပဲ နေမယ်ဆိုရင် ဒီလမ်းဖောက်ရခြင်း၊ ဆောက်ရခြင်းရဲ့ တန်ဖိုး ဟာကျသွားမှာ ပါ။ ဒါကြောင့် အခုလို လမ်းသစ်ကြီးပွင့်လာတဲ့ခါမှာ ဒီလမ်းသစ်ကြီးကို တန်ဖိုးရှိအောင် လို့သုံးကြပါ။ ကိုယ့်အချင်းချင်း ပိုပြီးတော့ညီညွတ်မှုရှိအောင်၊ တစ်ယောက်အကြောင်း တစ်ယောက်ပိုပြီးတော့ သိနိုင်တဲ့ အခွင့်အရေးတွေကို ကောင်း ကောင်းမွန်မွန် သုံးကြပါ။ ကိုယ့်ဒေသအတွက် ဖွံ့ဖြိုးရေးဖြစ်နိုင်တဲ့ လုပ်ငန်းတွေလုပ်ဖို့ ဒီလမ်းကြီးကိုသုံးကြပါ။ ကျွန်မတို့ ဒီလမ်းကြီး ဖောက်လိုက်ခြင်းဟာ ကျွန်မတို့ ဒေသခံ တွေအတွက် စိတ်၏ချမ်း သာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပိုပြီးရှိနိုင်အောင်လို့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
    ယင်းနောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှုအကောင်အ ထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဖောက်လုပ်သွားမည့် လမ်း လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    ထို့နောက် ဒေသခံပြည်သူ ဦးဖုန်ယု က မဂွေဇ - ငါ့လုံဒမ်- ရီဒမ်း- ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။
    ယင်းနောက် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးအားတန် ဦးဆောင်သည့် အဖွဲ့ဝင်များ က အခမ်းအနားသို့တက်ရောက်လာကြသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်သည်။
    ယင်းနောက် မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း လမ်းဖွင့်ပွဲအခမ်းအနားကို အဆိုပါလမ်းမုခ်ဦးရှေ့၌ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မော်တော်ယာဉ်ဖြင့် မဂွေဇ - ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း လမ်းလုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
    ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော် ရဟတ်ယာဉ်ဖြင့် မဂွေဇမှ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး ခေါင်လန်ဖူးမြို့ ခန်းမ၌ လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
    တွေ့ဆုံပွဲတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က မိမိတို့အနေဖြင့် ဝေးလံခေါင်သီဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေး ပေး ကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ နေရာတိုင်းတန်းတူညီရေးသည် အရေးပါပြီး ခက်ခဲသည့်နေရာများသည် ပို၍အရေးပါပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှု အမြန်ရရှိစေရန် ပံ့ပိုးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် ဘက်ပေါင်းစုံ ကြည့်ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စု ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံး တန်းတူညီတူအခွင့်အရေး ရရန် ဆောင်ရွက်ရပါကြောင်း။
    မိမိအနေဖြင့် ယခုရောက်ရှိသည်မှာ လမ်းဖွင့်သည့် အခမ်းအနားတက်ရောက် ရန်ဖြစ်ပါကြောင်း၊ သို့သော် ယခုကဲ့သို့ကြုံကြိုက်တုန်း တတ်နိုင်သမျှ ပြည်သူလူထုနှင့် ထိတွေ့မှုရှိလိုပါကြောင်း၊ ပြည်သူလူထုထဲမှ ကလေးများသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ ကလေးများသည် နိုင်ငံ၏တာဝန်ကို ကြာမြင့်စွာ ထမ်းဆောင်ရမည်ဖြစ် သည့်အတွက် ဖြစ်ပါကြောင်း၊ ကလေးများစာသင်မှ မိမိတို့ နိုင်ငံ၏အနာဂတ်သည် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အဓိကအရေးပေးပြီးပြောကြား သည်မှာ ပညာရေးနှင့် ကျန်းမာရေးဖြစ်ပါကြောင်း။
    မိမိတို့ နိုင်ငံသူနိုင်ငံသားများသည် ကျန်းမာမှ၊ ပညာရှိမှ နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်မည်ဖြစ်သကဲ့သို့ မိမိအကျိုးကိုလည်း ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဤဒေသများတွင် ကလေးများ အာဟာရပြည့်ဝအောင် အထူးကြိုးစားပြီး လုပ်ဆောင် ပေးလိုပါကြောင်း၊ ကလေးများ အာဟာရပြည့်ဝမှ သန်သန်မာမာ၊ ကျန်းကျန်းမာမာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာတတ်မှလည်း အားလုံးကို ကူညီနိုင်မည်ဖြစ်ပါကြောင်း။
    မိမိတို့အနေဖြင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ဒေသအတွက် အဓိက လိုအပ်ချက် များကို တင်ပြစေလိုပါကြောင်း၊ အစိုးရအနေဖြင့် ဘယ်လိုပုံစံမျိုးဖြင့် ပံ့ပိုးပေး နိုင်သည် ဆိုသည်ကိုလည်း ဆွေးနွေးတင်ပြစေလိုပါကြောင်း။
    ဒေသခံများက တင်ပြသည့် ကြိုးပြင်တောကိစ္စနှင့်ပတ်သက်၍ ကြိုးပြင်တော ကာကွယ်ရေးဆိုသည်မှာ နောင်တွင် မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ထိန်းသိမ်းဆောင်ရွက်ရာတွင်ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်နှင့် ညှိနှိုင်းပြီး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤဒေသတွင် ရှိသည့် မျိုးပင်များသည် ဆေးဘက်ဝင်ပြီး တန်ဖိုးရှိသည်ဟု ကြားသိရပါကြောင်း၊ ထိုကဲ့သို့ တန်ဖိုးရှိသည့် အရာများကို ဒေသခံများအတွက် အထောက်အကူဖြစ်စေရန် စဉ်းစားဆောင်ရွက်မည် ဖြစ်ပါကြောင်း။
    မြွေမသေ၊ တုတ်မကျိုးဆိုသကဲ့သို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မျိုးပင်များ မပြုန်းတီးစေရန်နှင့် ဒေသခံ ပြည်သူလူထု၏ စားဝတ်နေရေးမထိခိုက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတွင် တံတားများသည် လိုအပ်ချက် ဖြစ်သည်ဆိုသည်ကို နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး လိုအပ်သည့် တံတားများ အမြန်ဆုံးဖြည့် ဆည်းပေးနိုင်ရန် အထူးအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
    ပညာရေးနှင့်ပတ်သက်၍ ကလေးများ အခြေခံပညာအထက်တန်းအဆင့် အောင်နှုန်းနည်းခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် ဆရာ၊ ဆရာမများကို သင်တန်းပေး ရန်လိုအပ်နေသည်ဟု စဉ်းစားမိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးများကို အောင်နှုန်းကောင်းအောင် သင်ကြားပေးနိုင်ရန်အတွက် မွမ်းမံသင်တန်းပေးသည့် အစီအစဉ်များကို ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုံလောက်သည့် သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။
    ကျန်းမာရေးနှင့်ပတ်သက်၍ဆေးရုံအသစ်တည်ဆောက်ရန် လိုအပ်နေသည်ကို လက်ခံပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမြန်ဆုံးဖြစ် မြောက်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလားတူ လယ်ယာမြေနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညှိနှိုင်းပြီး တိမ်ကောလယ်ယာမြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အမြန်ဆုံးဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူ စီဒီးထာရ် က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသနေပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက် ၊ ခေါက်ဆွဲခြောက် စသည့် စားနပ်ရိက္ခာများကို တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများထံ ထောက်ပံ့ပေးအပ်သည်။
    ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များ ဖြင့် ခေါင်လန်ဖူးမြို့မှ မချမ်းဘော့မြို့သို့ ရောက်ရှိကြသည်။
    ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မချမ်းဘော့မြို့ဒေသဖွံ့ဖြိုးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မလိခ ကြိုးတံတား (မချမ်းဘော့)သို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှ က တံတားဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မလိခတံတား (မချမ်းဘော့)အား ဖြတ်သန်းကြည့်ရှုလေ့လာကြသည်။
    ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် မော်တော် ယာဉ်များဖြင့် ပူတာအိုမြို့သို့ ရောက်ရှိကြပြီး မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအို လမ်းပေါ်ရှိ မူလာရှီးဒီ ဂျစ်ကားကူးကြိုးတံတားအား ကြည့်ရှုလေ့လာကြသည်။
    ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မလိခလောဒ့့်ဟိုတယ်၌ ပူတာအို မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ မြို့မိမြို့ဖ များက တစ်ဦးချင်းမိတ်ဆက်ကြသည်။
    တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူများအတွက်အဓိက လိုအပ်ချက်အခြေခံအဆောက်အအုံများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့လာရောက်သည့်အခါ သာယာလှပပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသည့် အခြေအနေများကို မြင်တွေ့ရသဖြင့်ဝမ်းမြောက် မိပါကြောင်း၊ မိမိတို့မြို့ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ချက်များနှင့်စပ်လျဉ်းပြီး မြို့မိမြို့ဖများ၏ သဘောထားများကို ပွင့်ပွင့်လင်းလင်းသိရှိလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်သည် များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း တင်ပြကြရန်ဖြစ်ကြောင်း ပြောကြားသည်။
    ယင်းနောက် မြို့မိမြို့ဖများက ပူတာအိုဒေသအတွက် အဓိကအရေးကြီးသော ငြိမ်းချမ်းရေးရရှိရန် လိုအပ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလိုအပ်ချက်၊ ပူတာအိုဒေသအတွက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန်လိုအပ်ချက်၊ ပူတာအိုမြို့ပတ်လမ်းနှင့် လမ်း၊ တံတားများလိုအပ်ချက်၊ ဒေသခံဘွဲ့ရလူငယ်များအား ဦးစားပေး၍ ဒေသတွင်း အလုပ်တာဝန်ပြန်လည်ခန့်ထားနိုင်ရေးစသည်တို့ကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏မူဝါဒနှင့်အညီ မျှမျှတတဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။
    ယင်းတွေ့ဆုံပွဲသို့ ပူတာအိုမြို့မှ မြို့မိမြို့ဖ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် လေယာဉ်ကွင်းရပ်ကွက်မှ ရှမ်းရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးတင်လှ၊ ဟိုခိုရပ်ကွက်မှ ရှမ်းရိုးရာယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်စွဲ့ထွန်းထွန်းနွယ်၊ ပန်းလှိုင် ရပ်ကွက်မှ ကောင်းမှုလုံဂေါပကအဖွဲ့ဝင် ဦးစောနွဲ့သိုက်ရွှေ၊ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည့် ပူတာအိုမြို့ မြို့မရပ်ကွက်မှ ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးမယစ်ယောရှု၊ လေယာဉ်ကွင်းရပ်ကွက်မှ ရဝမ်စာပေ နှင့်ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဆရစ်ဒီး၊ ဒုတ္တန်ရပ်ကွက်မှ ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဦးဒိန်ခန်ဒါဝိ၊ ဟိုခိုရပ်ကွက်မှ လီဆူရိုးရာယဉ်ကျေးမှု ကော်မတီယာယီဥက္ကဋ္ဌ ဦးဂျေဖာဒါး၊ လုံးစွတ်ရပ်ကွက်မှ လီဆူရိုးရာယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးဒီးဒီရဲ၊ လုံးစွတ်ရပ်ကွက်မှ ဂျိန်းဖောရိုးရာယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဆင်ဝါး၊ ကောင်ကထောင်ရပ်ကွက်မှ ဂျိန်းဖောရိုးရာယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ခမ်း၊ ဟိုခိုရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအခီယိုထ၊ မြို့မရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခေါ်ဒုဆာရ်းတန်၊ ကောက်ကထောင် ရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင် ဦးနိုခမ်း၊ မူလာရှီးဒီရပ်ကွက်မှ မြို့နယ်စည်ပင်ကော်မတီ အဖွဲ့ဝင် ဦးရီလီဆာ၊ ကောင်ကထောင်ရပ်ကွက်မှ ဒေါ်နန်ဆိုင်း၊ မြို့မရပ်ကွက်မှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွွဲ့ခွဲ အဖွဲ့ဝင် ဦးမလောင်ဒေးဗစ်၊ ဟိုခိုရပ်ကွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွွဲ့ခွဲ အဖွဲ့ဝင် ဒေါ်လာဖီးချာ၊ လေယာဉ်ကွင်းရပ်ကွက်မှ ဦးချန်းဂျောင်ဆာရ်း၊ လုံးစွတ်ရပ်ကွက်မှ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထမ်းတန်ဖီးရမ် တို့ တက်ရောက်ကြသည်။
    ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပူတာအိုမြို့မိမြို့ဖများသည် ကချင်ပြည်နယ် အစိုးရအဖွဲ့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်ကြသည်။
    ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ညစာစားပွဲ တွင် ကပြဖျော်ဖြေကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း များပေးအပ်သည်။

 

Post Paragraph