နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၁ ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီလ ၂၃ ရက်
    နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၁ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး မှူးများ နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့နှင့်အညီ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ၂ ခုဖြစ်သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ နယ်စပ်ဒေသများဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် နယ်စပ်ဒေသများတည်ငြိမ် အေးချမ်း ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီ ပြီးစီးရေးတို့ကို ချမှတ် ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အဆင့်ဆင့်သော ဝန်ထမ်း များအားလုံးမှ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို ကန့်သတ်ချက်များ ရှိနေသော်လည်း အရှိန်အဟုန်မပြတ် ဆောင်ရွက် အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေး နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊
    မိမိတို့ဝန်ကြီးဌာနတွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် အတွေးအမြင် မှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းအပေါ် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဆက်လက် ၍လည်း နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရန်နှင့် မည်သည့်ကိစ္စမဆို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ဆင်ခြင်တုံတရားများဖြင့် သတိပြု ဆောင်ရွက် ကြစေလိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု ရှိရှိဖြင့် အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများနှင့် သက်သာ ချောင်ချိရေးတို့ကိုလည်း မူဝါဒများနှင့်အညီ အမြဲ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
    ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် က နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အကျဉ်းချုပ် ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို Online စနစ်ဖြင့် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး စသည့် လုပ်ငန်းစုစုပေါင်း ၅၆၀ ခုအား ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၆၂၃၄၃ ဒသမ ၇၆၃ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ လုပ်ငန်းအားလုံး၏ ပျမ်းမျှ ၇၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။