နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပင်းတယမြို့နယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေကျပ် (၁၂၆၀.၅၂၄) သန်းဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ကတ္တရာ (၁) လမ်း၊ ကတ္တရာထပ်ပိုးလွှာ (၂) လမ်း၊ ကျောက်လမ်း (၃) လမ်းနှင့် မြေသးလမ်း (၂) လမ်း၊ စုစုပေါင်း လမ်းလုပ်ငန်း (၈) ခု ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

          အဆိုပါလုပ်ငန်းများမှ ရှောက်ချို-ကုန်းသာ-တာတိုင် (၂/၀) မိုင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၃.၆၁၈) သန်းဖြင့် ဆောင်ရွက်နေမှုအား ပင်းတယမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပြီး ကတ္တရာထပ်ပိုးလွှာလုပ်ငန်းပြီးစီးပါက ပင်းတယမြို့နယ်၊ ရှောက်ချိုကျေးရွာ၊ ကုန်းသာကျေးရွာနှင့် တာတိုင်ကျေးရွာများရှိ အိမ်ခြေ (၂၉၅) အိမ်၊ လူဦးရေ (၁၃၂၇) ဦးအတွက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph