နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု  တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ(ရန်ကုန်နှင့်စစ်ကိုင်း)၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်းကိုးကျောင်းနှင့်    အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆  ကျောင်းကို COVID-19 အလွန်ကာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိမှုများနှင့်  ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် သင်တန်းကျောင်းများ၏ တည်ဆောက်ရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို   ယမန်နေ့နံနက် ၁ဝ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့    ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးဌာနမှူးများ၊     လူငယ်သင်တန်းကျောင်း ကျောင်းအုပ်များနှင့်   အသက်မွေးပညာ သင်တန်းကျောင်း   ကျောင်းအုပ်များက Online စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးက နယ်စပ်ရေးရာ ဝန်ကြီးဌာန၊   ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနသည်   ဝေးလံ ခေါင်းပါးပြီး လူမှုရေးခက်ခဲသည့် နယ်စပ်ဒေသရှိ    တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ဆောင်ရွက်ပေးလျက်ရှိရာ ဦးစီးဌာန စတင်ဖွဲ့စည်းချိန်မှ  ယနေ့အထိ အဆင့်မြင့်ပညာ ကဏ္ဍ၌   ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ ၁ဝ၆၅ ဦး၊ ဝိဇ္ဇာ/သိပ္ပံ/ အင်ဂျင်နီယာဘွဲ့ရ ၄၂၇၄ ဦး၊    အခြေခံပညာကဏ္ဍ၌ တက္ကသိုလ် ဝင်တန်းအောင်မြင်သူ ၃၁၆၃ ဦး၊ အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ၌ စက်မှုလက်မှု သက်မွေးပညာ အောင်မြင်သူ ၄၇၅၄ ဦး၊   အိမ်တွင်းမှု သက်မွေးပညာ အောင်မြင်သူ ၉၁၉၅၆ ဦး တို့အား လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

ယင်းသို့ ဆောင်ရွက်ရာတွင်လည်း မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်(၇)ရပ်နှင့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများအား Myan-mar Sustainable Development Plan (MSDP) ၏ မဏ္ဍိုင်ကြီး (၃)ခု၊ ရည်မှန်းချက် ငါးခုတို့၏ အစိတ်အပိုင်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် COVID-19   ကို ကြာရှည်ရင်ဆိုင်နေရသည့် အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်

ရွက်ရာတွင်  COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်(COVID-19 Economic Relief Plan- CERP)ရဲ့ ပန်းတိုင် ခုနစ်ခု၊ မဟာဗျူဟာ ၁ဝ ခုတို့နှင့် လည်း    ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍအနေဖြင့်  ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နဲ့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ (ရန်ကုန်နှင့်စစ်ကိုင်း) အနေဖြင့် ပညာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များနှင့် ပေါင်းစည်း(Affiliate) သင်ကြားလျက် ရှိတာကြောင့်  ပညာရေး ဝန်ကြီးဌာန၏   ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂ဝ၂၁-၂ဝ၃ဝ) (National Education Strategic Plan) (NESP) (၂ဝ၂၁-၂ဝ၃ဝ) (Phase II) ရေးဆွဲဆောင်ရွက်မည့် အခြေအနေကို သိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့်  သက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ ကိုက်ညီမှုရှိစေရေး အတွက် (Affiliate) လုပ်ထားသည့် တက္ကသိုလ်များ၏ Board of Study (BOS) အစည်းအဝေးများ တက်ရောက်ပြီး သတ်မှတ်တဲ့  Curriculum အတိုင်း သင်ကြားသွားရန် လိုအပ်ကြောင်း။

ပညာရေးနှင့်  လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့် ''နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များနဲ့  အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား လေ့ကျင့်ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စက်မှုလက်မှု၊ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား လေ့ကျင့်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်''  ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ အဆင့်ဆင့်က အကောင်းဆုံး သင်ကြား လေ့ကျင့်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရေး၊ ခွင့်ပြုဘတ်ဂျက်နှင့်အညီ အရည်အသွေး အပြည့်အဝရရှိရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ စည်းကမ်း၊ ကျင့်ဝတ်၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး ကိစ္စရပ်များကို မှာကြားခဲ့သည်။

ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ဖွံ့ဖြိုးရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်မှူးများက ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် COVID-19 ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုမူ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် COVID-19 အလွန် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး  ကြိုတင်ဆောင်ရွက် ထားရှိမှုနှင့်  သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်မှု မရှိသေးချိန်တွင် ဆရာ၊ ဆရာမများနှင့် နည်းပြများ အရည်အသွေးမြင့်မားစေရေး လုပ်ငန်းခွင် သင်တန်းများ ဖွင့်လှစ်နေမှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေး၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။