နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဘောလခဲခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခြင်း

ဘောလခဲ       နိုဝင်ဘာ ၁၃

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက်  အခြေခံအကျဆုံးဖြစ်သည့်  လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ  ကယားပြည်နယ်၊ ဘောလခဲ မြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၃၀၉ ဒဿမ ၀၀၄ သန်းဖြင့် စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်း ကျေးရွာချင်းဆက် မြေလမ်းအား လမ်းအကျယ်ချဲ့ခြင်း လုပ်ငန်းကို လမ်းအရှည် (၅)မိုင်၊(၂)ဖာလုံ ကျောက်တောင် မိုင်းခွဲခြင်း ၊ (၃၀၀)ပေ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်း လမ်းသည် အရှည် (၂၄)မိုင် ရှိပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်နယ်) ရန်ပုံငွေဖြင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် မြေလမ်း (၇)မိုင် (၃)ဖာလုံ ဖောက်လုပ်ခြင်း၊ ကျောက်လမ်း(၃)ဖာလုံ၊ မြေသားလမ်းမြင့်တင်ခြင်း (၁)မိုင်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဘေလီတံတား(၅၀)ပေ (၂)စင်း၊ (၈၀)ပေ(၁)စင်း၊ (၁၅)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၃၀)ပေ(၄)စင်း၊ (၄၀)ပေ(၁)စင်းနှင့် Box Culvert (၆)စင်း ဆောင်ရွက်ပြီးစီးခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း (၅)မိုင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

          အဆိုပါ စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်း ကျေးရွာချင်းဆက်လမ်းသည် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၏ နယ်စွန်/ဖျား ကျေးရွာဖြစ်ပြီး ရှားတောမြို့နယ် နှင့်မယ်စဲ့မြို့နယ်တို့နှင့်ထိစပ် လျက်ရှိရာ ထိုင်းနိုင်ငံနယ်နိမိတ်ဖြစ်သော BP-10 ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံ ဟွေလွေကျေးရွာမှတဆင့် မယ်ဟောင်ဆောင်မြို့သို့ ရောက်ရှိမည်ဖြစ်၍ ကိုဗစ်ရောဂါ ကင်းစင်သွားပါက ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရပါသည်။