နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဒီးမော့ဆို မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းကြည့်ရှုခြင်း

ဒီးမော့ဆို  နိုဝင်ဘာ   ၂၅ 

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေ ကျပ် ၁၉၂ ဒဿမ ၈၄၄ သန်းဖြင့်  ပန်ပက်ကျေးရွာအုပ်စု၊ ပက်ရက်ကူ-လဲဆိုဒေး ကျေးရွာချင်းဆက်လမ်(၁/၄)မိုင် ကျောက်ခင်း ခြင်းလုပ်ငန်း၊ အဆိုပါလမ်းပေါ်တွင် (၁၀)ပေကွန်ကရစ်တံတား (၁)စင်းနှင့် Pipe Culvert (၅)စင်း  ဆောက်လုပ်ခြင်းလုပ်ငန်းအား (၉-၁၁-၂၀၂၀) ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ (၁၂-၇-၂၀၁၉) ရက်နေ့ ကယားပြည်နယ်ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာအုပ်စုအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၁ ဒဿမ ၄၂၇ သန်းဖြင့် လွိုင်ကော်-တောင်ငူလမ်းမှ ပန်ပက်ကျေးရွာအဝင်လမ်း (၁/၄)မိုင် ကျောက်ခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်း၊ (ပြည်နယ်) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၆ ဒဿမ ၀၀၄ သန်းဖြင့် ပန်ပက်ကျေးရွာတွင်း လမ်း (၂/၁)မိုင် ကျောက်ခင်းခြင်းနှင့် Pipe Culvert (၁၈)စင်း ဆောက်လုပ်ခြင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၆၄၅ ဒဿမ ၄၁၈ သန်းဖြင့် လွိုင်ကော်-တောင်ငူလမ်းမကြီးမှ ပန်ပက်ရွာအဝင်လမ်း (၆/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၉ ဒဿမ ၅၁ သန်းဖြင့် ပန်ပက်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၁၇)ရွာအတွက် (၁၃/၅)မိုင် သောက်သုံးရေ သွယ်တန်းခြင်း၊ ရေစုပ်ပန့်၊ ရေတင်ပန့်၊ ရေစက်ရုံ၊ ရေတားတမံ၊ ရေစုကန်၊ (၁၀၀)KVA ထရန်စဖော်မာ(၁)လုံး၊ (၅၀)KVA ထရန်စဖော်မ(၁)လုံးနှင့် လျှပ်စစ်မီး တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၂ ဒဿမ ၈၄၄ သန်းဖြင့် ပန်ပက်ကျေးရွာအုပ်စု၊ ပက်ရက်ကူ-လဲဆိုဒေး ကျေးရွာချင်းဆက်လမ်း (၁/၄) မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ အဆိုပါလမ်းပေါ်တွင် (၁၀)ပေ ကွန်ကရစ်တံတား(၁)စင်းနှင့် Pipe Culvert (၅) စင်း ဆောက်လုပ်ခြင်းလုပ်ငန်းအား ဆက်လက်  အကောင်အထည်ဖော် ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပြီးစီးပါက နယ်စပ်ဒေသကျေးလက်နေပြည်သူများ  တစ်ရွာနှင့်တစ်ရွာ ရာသီမရွေးဆက်သွယ်သွားလာနိုင်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များသို့ လွယ်ကူစွာသွားလာနိုင်မည် ဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။