နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးရောက်ရှိနေသည့် နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော်၊ ဇန်နဝါရီ ၃၁
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးရောက်ရှိနေသော နယ်စပ် ဒေသအသီးသီးမှ လေ့လာရေးအဖွဲ့များဖြစ်ကြသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်၊ နန်းယွန်းဒေသမှ လူငယ်မောင်မယ် (၃၀) ဦး၊ မွန်ပြည်နယ် သထုံ၊ ချောင်းဆုံဒေသမှ လူငယ်မောင်မယ် (၃၀) ဦး၊ ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းဒေသမှ လူငယ်မောင်မယ် (၃၀) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်၊ သီပေါဒေသမှ လူငယ်မောင်မယ် (၃၀) ဦး၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ၊ ထားဝယ်ဒေသမှ လူငယ်မောင်မယ် (၃၀) ဦး၊ စုစုပေါင်း လူငယ်မောင်မယ် (၁၅၀) ဦးတို့အား ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော လူငယ်မောင်မယ်များကို ၂၀၁၆ ခုနှစ်မှ စတင်ပြီး နေပြည်တော်သို့ အလှည့်ကျစနစ်ဖြင့် ဖိတ်ခေါ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို လေ့လာရေး ဆောင်ရွက်ပေးလျက်ရှိရာ ယခု လေ့လာရေး လာရောက်ကြသည့် ဆဋ္ဌမအကြိမ်အပါအဝင် တိုင်းရင်းသားမောင်မယ် (၆၇၀) ဦးကို လေ့လာရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို အခြေခံ၍ မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် ထိရောက်စွာ ပြန်လည်အသုံးချစေလိုကြောင်း၊ လေ့လာရေးခရီးစဉ်အတွင်း တွေ့ဆုံကြသည့် တိုင်းရင်းသားအချင်းချင်း တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ပွားများ ရင့်သန်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာရန် ခက်ခဲသည့် နယ်စပ်ဒေသနေ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသအသီးသီးတွင် အခြေခံအဆောက်အဦများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု တစ်ဝှမ်းလုံး ပြည်နယ်ပြည်မ တောင်တန်းဒေသများမကျန် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့မှသာ နယ်စပ်ဒေသနေ တိုင်းရင်းသားများ အားလုံး ညီညွတ်မျှတသည့် အကျိုးခံစားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည့်အင်အား သည် ပြည်တွင်းမှာသာ ရှိသဖြင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုအားကို ရယူပြီး အမျိုးသားရေး စိတ်ဓာတ်အခြေခံကာ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် နုပျိုလန်းဆန်းတက်ကြွသည့် လူငယ်/လူရွယ် များဖြစ်ပြီး “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် စကားအတိုင်း နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ ကြီးလေးသော တာဝန်များကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် လူငယ်များ ဖြစ်သည့်အတွက် ယခုကတည်းက နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်အောင် ထူးချွန်ထက်မြက် သူများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားသွားကြရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားခဲ့ပါသည်။
    ဆက်လက်၍ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ၎င်းတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Add new comment

Restricted HTML

  • You can align images (data-align="center"), but also videos, blockquotes, and so on.
  • You can caption images (data-caption="Text"), but also videos, blockquotes, and so on.