နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့ နံနက် (၁၁)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သည့်တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများအပြင် ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၊ NGOs၊ INGOs အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်  အိန္ဒိယသမ္မတနိုင်ငံတို့ပူးပေါင်း၍   မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ပညာသင်အစီအစဉ်ဖြစ်သည့် Indian Technical and Economic Cooperation (ITEC) ပညာသင်ဆုသင်တန်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများကိုရွေးချယ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာသင်တန်းများအား လေ့ကျင့်သင်ကြားပေးမှု၏ အကျိုးရလဒ်များနှင့် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားပါက ဝန်ထမ်းများ တက်ရောက်ခွင့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၂ခုနှစ် မေလ၂၈ ရက်တွင်ရေးထိုးခဲ့ပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းဖြင့် (၅)ကြိမ် အတွက် အမေရိကန်ဒေါ်လာ (၂၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်တို့၌ နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လမ်း/တံတားလုပ်ငန်း (၅၂)ခု၊ ပညာရေးလုပ်ငန်း (၄၃)ခု၊ ကျန်းမာရေးလုပ်ငန်း (၁၈)ခု၊ စုစုပေါင်း စီမံကိန်းလုပ်ငန်း (၁၁၃)ခုကို ဆောင်ရွက်ပြီးစီးခဲ့သည်။
    ဆက်လက်၍ စတုတ္ထအကြိမ် အိန္ဒိယအထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ လမ်း/တံတားလုပ်ငန်း (၂၀)ခု၊ ပညာရေးလုပ်ငန်း (၇)ခုနှင့် ရုံးအဆောက်အဦ (၂)ခု၊ စုစုပေါင်းစီမံကိန်းလုပ်ငန်း (၂၉)ခုကို ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်း (၉၈.၄၄)ရာခိုင်နှုန်း ဆောင်ရွက်ပြီးခဲ့ပြီး ပဉ္စမအကြိမ် အထောက်အပံ့လုပ်ငန်းများအတွက် အဆိုပြုလုပ်ငန်းစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။