နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်လ ၁၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၀-၈-၂၀၂၀ ရက်နေ့တွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း တာဝန်ရှိသူမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၄) ထပ် အလုပ်ရုံ စာသင်ခန်း၊ (၃) ထပ် သင်တန်းသားအိပ်ဆောင်၊ (၄) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ရာ၊ စတိုဆောင်နှင့် စားဖိုဆောင် တည်ဆောက်နေမှု အခြေအနေများနှင့် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များညှိနှိုင်း‌ဆောင်ရွက် ပေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးက အောင်ပန်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အသစ်ကို မကြာမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ဒေသခံလူငယ်များအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် မော်တော်ယာဉ်နှင့်စက်ပြင်သင်တန်း၊ ပန်းရံ/လက်သမား သင်တန်း၊ လျှပ်စစ်နှင့် အဲကွန်းပြင်သင်တန်း၊ ဂဟေသင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများ သင်ကြား လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားရာတွင် အဆင့်မီ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံစွာဖြင့် ကျွမ်းကျင်ဆရာများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး လိုအပ်သည်များကို ပြည့်စုံ အောင် ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ TVET ပညာရပ်များသည် အမှန်တကယ်သာ တတ်ကျွမ်း နားလည်ပါက ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် တန်ဘိုးမြင့် ပညာရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ သင်ထောက်ကူပစ္စည်းများကို စွမ်းအားပြည့် ကိုင်တွယ် လေ့ကျင့်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ နည်းပြများ၏ သင်ကြားနည်းစနစ်နှင့် အရည်အသွေးများကိုလည်း မြင့်မားစေရေး ဌာနတွင်း စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းကျောင်းဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေမှု အခြေအနေနှင့် သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၁-၈-၂၀၂၀ ရက်နေ့တွင် ပင်းတယမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာတာဝန်ရှိသူ၏ သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပေးပြီးနောက် သင်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်များနှင့် စားရိပ်သာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပင်းတယမြို့နယ်၊ ကူးကော်-ရေချမ်းစင် (၃/၀) မိုင် ကျောက်ခင်းခြင်း၊ ကုန်းသာ-ပဲယင်းတောင် (၄/၂) မိုင် အပြီးသတ်မြေလမ်း ဖောက်လုပ်ခြင်း၊ ရွာငံမြို့နယ် ရေချမ်းပြင်-ကျောက္ကူတိ (၅/၅) မိုင် မြေလမ်းပေါ်ရှိ (၃/၃)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာ အသီးသီးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်စံချိန် စံညွှန်းနှင့် လုပ်ငန်း အရည်အသွေး၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သတ်မှတ်အချိန်အတွင်း ပြီးစီးစေရေး Time Frame ရေးဆွဲဆောင်ရွက် နေမှု၊ လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှစ၍ ပြီးစီးသည့် အခြေအနေ အထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် မှတ်တမ်းဓါတ်ပုံများနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
    ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို Covid-19 ကာလအတွင်း  ကန့်သတ်ချက်များ ရှိခဲ့‌ သော်လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အနေ အထားကို တွေ့ရှိရပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် Covid-19 ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ Covid-19 ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စနစ်တကျ စဉ်ဆက်မပြတ် စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားကြရန်၊ မိမိတို့ဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူ ပူးပေါင်း၊ တွဲဘက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့်လည်း နိုင်ငံတော် ခွင့်ပြုရန်ပုံငွေနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီ ပြီးစီးရေးတို့ကို အလေးထား‌ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ဆောင်ရွက် ပေးခဲ့သည့် လုပ်ငန်းများပြီးစီးပါက ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။