နယ်စပ်ရေးရာဝန်ကြီးဌာန၏ နဝမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ မတ် ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၀၈:၄၅) နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဇနီး၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။
    ရှေးဦးစွာ ပင့်သံဃာတော်၊ ကျောင်းတိုက်သံဃာနှင့် ဒုလဘ္ဘရဟန်းသာမဏေ (၇၆)ပါး တို့ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများက သိမ်ဆင်းလောင်းလှူကြ ပါသည်။ ဆက်လက်၍ ပျဉ်းမနားမြို့၊ မာရ်အောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။  ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။
    ယနေ့ ကျင်းပပြုလုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ နဝမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား၌ ရဟန်း (၃၁) ပါး၊ သာမဏေ (၇) ပါး၊ စုစုပေါင်း (၃၈) ပါးတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။

 

Post Paragraph