နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များအတွင်း အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ဇူလိုင်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က မိမိတို့ဝန်ကြီးဌာန အနေဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး များနှင့် နှစ်စဉ် ညှိနှိုင်းစည်းဝေး ပြုလုပ်ပြီး ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးကာ အားနည်းချက် အားသာချက်များကို သုံးသပ်ကြပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို ကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။ နယ်စပ်ရေးရာဝန်ကြီးဌာန ၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို  ပြည်နယ် ပြည်မ အကြားအလပ်မရှိစေရေးအတွက် အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးရန်” ဖြစ်ကြောင်း။ အဓိက လုပ်ငန်းတာဝန်ကြီး (၂) ရပ် ဖြစ်သည့် နယ်စပ်ဒေသ များတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်း နှင့် နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ကိစ္စရပ်များကို နိုင်ငံတော်၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့်အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ INGOs နှင့် NGOs များ၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။ ယင်းသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ် တို့ကို အခြေခံ၍ ဝန်ကြီးဌာန၏ နှစ် (၃၀) စီမံကိန်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို စီမံကိန်းများကို နိုင်ငံတော်က ချမှတ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)  ၏ မဏ္ဍိုင် (၃) ရပ်၊ ရည်မှန်းချက် (၅) ရပ်၊ မဟာဗျူဟာ (၂၈) ရပ် တို့နှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ ဒေသခံပြည်သူလူထုအတွက် အကျိုးသက်ရောက်မှုများ၊ စာရင်းစစ် စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များ အပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန၏ မူလရန်ပုံငွေ၊ သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေအပြင် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေ ခွင့်ပြုချက် များဖြင့် ဆောင်ရွက်နေသည့် အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဝန်ကြီးဌာနမှ လျာထား ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ထားရေး၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများ အလိုက် အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ ဝန်ထမ်းရေးရာ ဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်သည့် ဒီဇိုင်းများ၊ BQ များ၊ တွက်ချက်မှုနှုန်းထားများ၊ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ အရည်အချင်းအပေါ် အကဲဖြတ်ရန် ကိစ္စရပ်များကို စုပေါင်း ဝိုင်းဝန်း ဆွေးနွေးကြရန် ရှင်းလင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ အနေဖြင့် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ တို့က ထုတ်ပြန်သည့် COVID-19 နှင့်သက်ဆိုင်သော အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပြီး COVID-19 အလွန်တွင် ဝန်ကြီးဌာန အနေဖြင့် New Normal ပုံစံဖြင့် COVID နှင့် အတူယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ “ကြီးကြပ်မှု ကောင်းလေ၊ လုပ်ငန်း အရည်အသွေး တိုးတက်လေဘဲ” ဆိုသည်ကို ယုံကြည်ခံယူပြီး စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်ပေးကြရန် လိုအပ်ကြောင်း။ စီမံကိန်းများ ရေးဆွဲရာတွင် နိုင်ငံ့အကြီးအကဲ များ၏ လမ်းညွှန်ချက်၊ လွှတ်တော်ကိုယ်စားလှယ် များ၏ တင်ပြချက်၊ လွှတ်တော် ကတိကဝတ် ဖြစ်ခဲ့သည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ တင်ပြချက်များကို နိုင်ငံတော်မှ ခွဲဝေပေးသည့် ရန်ပုံငွေနှင့် ချိန်ဆ၍ အကောင်းဆုံး ဖြစ်အောင် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ရလျှင်ရချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါ လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက် (၁/၂၀၁၇) နှင့်အညီ ဘဏ္ဍာရေးနှစ်အစတွင် တင်ဒါခေါ်ယူ လုပ်ငန်း အပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်သည်ကို သိရှိရပါကြောင်း။ သို့ဖြစ်၍ စီမံကိန်းလုပ်ငန်းများကို စတင်ဆောင်ရွက်ချိန်မှ ပြီးစီးသည့် အချိန်အထိ အချိတ်အဆက်မိမိ ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးဖြစ်ထွန်း စေမည့် လုပ်ငန်းများကို ရွေးချယ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့် ဆုံးရှုံးမှုမရှိစေရေး တာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်၏ ခွင့်ပြုတန်ဖိုးနှင့် ညီမျှသည့် လုပ်ငန်း အရည်အသွေး ရရှိရေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း။
မိုးရာသီသို့ စတင်ဝင်ရောက်လာပြီ ဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်များလည်း ပေါ်ပေါက် လာနိုင်ပြီး သဘာဝဘေး ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အချိန်နှင့် တစ်ပြေးညီ ဝန်ကြီးရုံးသို့ တင်ပြသွားရန်နှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုလည်း တင်ပြသွားကြရန်၊ ဝန်ထမ်း ကျင့်ဝတ်၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများ လိုက်နာရေး၊ ဝန်ထမ်းသက်သာချောင်ချိရေး၊ အဂတိတရား ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ မိမိ ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ အားလုံး မူးယစ်ဆေးဝါးနှင့် အရက် ကင်းရှင်းပြီး ကျန်းမာ ကြံ့ခိုင်စေရေး တို့ကို စဉ်ဆက်မပြတ် စိတ်ဝင်တစား ကြည့်ရှု စောင့်ရှောက်ပေးသွားရန်၊ ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံးခြင်းသည် အင်အား” ဆိုသည့်အတိုင်း အထက်အောက်ဆက်ဆံရေး၊ အချင်းချင်းဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုတို့ဖြင့် ပေါင်းသင်းဆက်ဆံ လုပ်ကိုင်သွားကြရန်၊ ဆင့်ကဲ ဆင့်ကဲ တာဝန်ရှိသူ အားလုံးက မိမိအဆင့်နှင့် လျော်ညီစွာ ပြုမူ ဆက်ဆံ နေထိုင်ကြရန်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တိုးတက် ဖြစ်ထွန်းမှုများသည် အမျိုးသား ရင်ကြားစေ့ရေး၊ ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမို အားကောင်းလာစေပြီး မိမိတို့ မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်လာမည်ဟု ယုံကြည်ချက်၊ ခံယူချက် ထားရှိပြီး၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံခြင်း တည်းဟူသော တာ (၃) တာ နှင့်အတူ စေတနာ၊ ဝိရိယ တို့ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရေး တိုက်တွန်း မှာကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား အသေးစိတ် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် တို့က နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်၊ မူဝါဒများနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများ၊ တိုက်တွန်းအကြံပြုချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မြေလမ်း (၂၂၅/၇) မိုင်၊ ကျောက်လမ်း (၂၃၅/၂) မိုင်၊ ကတ္တရာလမ်း (၂၂/၅) မိုင်၊ ကွန်ကရစ်လမ်း (၅/၄)မိုင်၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း (၁၅၅/၁.၅) မိုင်၊ ဂဝံ/ဗြုန်းကျောက်ခင်းလမ်း (၃၁/၀)မိုင်၊ တံတား (၉၄၃) စင်း စသည်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် (၈၅.၄၄) ဘီလီယံ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။