နယ်စပ်ရေးရာဝန်ကြီးဌာနက ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေး

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ ရာသီဥတုဆိုးရွားခြင်းများကြောင့် စားနပ်ရိက္ခာများ ရှားပါး ပြတ်လပ်လေ့ရှိပြီး အစိုးရ၊ တပ်မတော်နှင့် အလှူရှင်များက နှစ်စဉ်နှစ်တိုင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ရသည်။
ယခုအခါတွင် မဂွေဇ-ခေါင်လန်ဖူး (၆၅/၄) မိုင် လမ်းဖောက်လုပ်ရေးစီမံကိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဂွေဇမှ မေခမြစ်ဘေး ရီဒမ်းကြိုးတံတား အကျော်(၄၇/၀) မိုင်အထိ ကားလမ်းဖောက်လုပ်ဆဲဖြစ်ပြီး မိုင်တိုင်(၄၇/၀) မိုင် မှ ခေါင်လန်ဖူးအထိ မော်တော်ဆိုင်ကယ်လမ်း(၁၈/၄) မိုင်ကို လည်း ဖောက်လုပ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ ပူတာအို-မဂွေဇ-မေခမြစ်ကမ်း ရီဒမ်းကြိုးတံတားအရှေ့ဘက်ကမ်း(၁၀၃/၃) မိုင် ခရီးကို မော်တော်ယာဉ်များဖြင့် သွားလာနိုင်ပြီဖြစ်ပြီး ရီဒမ်းကြိုးတံတားမှ ခေါင်လန်ဖူးအထိ မော်တော် ဆိုင်ကယ်များဖြင့် နေ့ချင်းပေါက်သွားလာနိုင်ပြီဖြစ်သည်။
သို့ရာတွင် ခေါင်လန်ဖူးမှ ၃၇ မိုင်ခန့်ကွာဝေးသည့် မြန်မာ-တရုတ်နယ်စပ်ဒေသများဖြစ်သည့် ရှိန်းခေါင်-ဇီးထန်ဒေသများသို့လည်းကောင်း၊ ခေါင်လန်ဖူးမှ နယ်စပ်မှတ်တိုင်(၃၀/၃၁) တစ်ဝိုက်ရှိ လန်ဆယ်အရှေ့ခြမ်း‌ဒေသများရှိ ကျေးရွာများသို့ လည်းကောင်း သွားလာရေးအတွက် လမ်းပန်း ဆက်သွယ်ရေးအခြေအနေမှ ခက်ခဲနေဆဲဖြစ်ပြီး အဆိုပါဒေသများသို့ ခြေကျင်ခရီးဖြင့်သာ သွားလာနေရဆဲဖြစ်သည်။
ယခုအခါတွင် ရှိန်ခေါင်နှင့် ဇီးထန်ဒေသများအတွင်းရှိ ညီဝထမ်ကျေးရွာအုပ်စု၊ ရနင်ထီ‌ ကျေးရွာအုပ်စု၊ ဇန်ယော့ကျေးရွာအုပ်စု၊ ရမန်ချီ ကျေးရွာအုပ်စု၊ ဇီးထန်ကျေးရွာအုပ်စု၊ ဒါလန် ကျေးရွာအုပ်စု၊ လားတားကော်ကျေးရွာအုပ်စုများ၊ လန်ဆယ်အရှေ့ခြမ်းဒေသများရှိ ထဖုံး ကျေးရွာ အုပ်စု၊ ရပ်မား ကျေးရွာအုပ်စု၊ နမ်ချိန်ကျေးရွာအုပ်စုနှင့် ရှီးလန်ဒမ်းကျေးရွာအုပ်စုများ စသည့် ကျေးရွာ အုပ်စု ၁၂ အုပ်စု တွင် ရာသီဥတုဆိုးဝါးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ ယခုလတ်တလောဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရမှု အပေါ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရေးပေါ်လတ်လလောလိုအပ်ချက်အရ သက်ဆိုင်ရာဒေသ နေရာ အရောက် ထောက်ပံ့မည့်ဆန်အိတ် ၁၀၀၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် မြစ်ကြီးနာမြို့( မလိခခန်းမ) ၌ ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မင်း  က အရေးပေါ်ထောက်ပံ့ရခြင်းကို ရှင်းလင်းတင်ပြကာ အရေးပေါ်ထောက်ပံ့သည့် ဆန်အိတ် ၁၀၀၀ ကို ညွှန်ကြားရေးမှူး  ဦးကျော်မင်း က ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရေးပေါ်ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို မြစ်ကြီးနား-ပူတာအို-မဂွေဇ-ခေါင်လန်ဖူး-ရှိန်းခေါင် (မြန်မာ-တရုတ်နယ်စပ်) လမ်းကြောင်းမှ ရှိန်းခေါင်-ဇီးထန် ဒေသတဝိုက်ရှိ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ဒေသခံပြည်သူလူထု ၉၈၈၀ အတွက် လတ်တလောလို အပ်သည့် ဆန်အိတ် ၈၀၀ ကိုလည်းကောင်း၊ မြစ်ကြီးနား-ချီဖွေ-ဖီမော်-လန်ဆယ်-တထုံစင် လမ်းကြောင်းမှ နယ်စပ်မှတ်တိုင်(၃၀/၃၁) တစ်ဝိုက်ရှိ ကျေးအုပ်စု လေးအုပ်စုမှ ဒေသခံပြည်သူလူထု ၁၈၀၈ ဦးအတွက် လတ်တလောလိုအပ်သည့် ဆန်အိတ် ၂၀၀ ကိုလည်းကောင်း၊ စုစုပေါင်းဆန်အိတ် ၁၀၀၀ ကို ဒေသခံပြည်သူများလက်ဝယ်သို့ ချောမောစွာ ရောက်ရှိ ဖြန့်ဝေ ပေးနိုင်ရေး တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်းပြီး ပေးပို့သွား မည်ဖြစ်သည်။     နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်းဖောက်လုပ်သည့် စီမံကိန်းပြီးစီးပါက အဆိုပါနယ်စပ်ဒေသများဖြစ်သော ရှိန်းခေါင်ဒေသ၊ ဇီးထန်ဒေသနှင့် လန်ဆယ်အရှေ့ခြမ်း ဒေသများသို့ ဌာနပိုင် စက်ယန္တရားကြီးများဖြင့် လမ်းဖောက်လုပ်ရေးစီမံကိန်းများ ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိကြောင်းသတင်းရရှိသည်။