နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အား ဆက်သွယ်သွားလာနိုင်မည့် ပြည်နယ်ချင်းဆက်လမ်းဖောက်လုပ်ပေးလျက်ရှိ

မတ်လ ၂၄ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်နှင့် ပြည်မ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာမှာ ဒေသဖွံ့ဖြိုးရေးအတွက် သာမက နိုင်ငံတော်လုံခြုံရေးအတွက်ပါ အရေးပါသည့် နယ်စပ်လမ်းများကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့်အပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက လိုအပ်ချက်ဖြစ်သော ဒေသတစ်ခုနှင့်တစ်ခု ဆက်သွယ်သွားလာနေသော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်းဖောက်လုပ်ပေးခြင်း၊ တံတား ဆောက်လုပ်ပေးခြင်းလုပ်ငန်းများ အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ဝေးလံပြီး သွားလာရခက်ခဲသော ဒေသတစ်ခု ဖြစ်သည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဟိုယာကျေးရွာအုပ်စု၊ ဒိုမိုခို ကျေးရွာနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဘီသူ (အထက်) ကျေးရွာနှင့် ဆက်သွယ် သည့် ပြည်နယ်ချင်းဆက်လမ်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၀၃ ဒသမ ၂၆၇ သန်းဖြင့် ၅ မိုင် ၄ ဖာလုံ မြေလမ်းချဲ့ခြင်း၊ ရေနှုတ်မြောင်း ပြန်လည် တူးဖော်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် လိုအပ်သော ၄x၄x၂၆ ပေ Box Culvert ၁၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်း များသတ်မှတ်ချိန် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးစေရေးအတွက် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကာ လုပ်ငန်း ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ ပြည်နယ်ချင်းဆက်     လမ်း ဆောင်ရွက်ပေးခြင်းဖြင့် ကယားပြည်နယ်အတွင်းရှိ အနီးစပ်ဆုံး ဒေသခံ ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၂၀၆ အိမ်၊ လူဦးရေ ၁၀၂၄ ဦး အကျိုးပြုမည် ဖြစ်ကြောင်း သိရှိရပါသည်။