ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တောင်ပေါ်လမ်းများအပြီးသတ်ဖောက်လုပ်

နိုဝင်ဘာ ၂၄

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသရှိတောင်ပေါ် တိုင်းရင်းသားပြည်သူများ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေးအတွက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ နယ်အတွင်းရှိ တောင်ပေါ်ဒေသလမ်းပိုင်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ သိရှိရ ပါသည်။

          အဆိုပါတောင်ပေါ်ဒေသများအနက် မန်တုံမြို့နယ်၊ မန်တုံ - အူဆပ် - ကုန်းရောင်း - ကောင်းဆုံ- လွယ်ဆောင် - ပန်သျှို - တောနေ - နမ့်ဟိုင်း(မိုင်းမော်) လမ်းပိုင်းမှာ လမ်းအရှည် (၃၃/ ၀) မိုင်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းအဖြစ် စတင်ကာ ဖောက်လုပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း (၃၁) မိုင် ကျောက်လမ်း (၈/၄) မိုင် ၎င်းလမ်းပိုင်း၌ လိုအပ်သောနေရာများအတွင် ၂၀’ပေ ဘေလီတံတား (၂) စင်းနှင့် Box Culvert (၈၆)စင်း၊ ရေပြွန် (၈)ခု တို့အား ခွင့်ပြုရန်ပုံငွေကျပ် (၁၉၅၉.၉၁၈) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

          ယခုအခါ အဆိုပါလမ်းပိုင်း၌ ကျန်ရှိသည့် လမ်းပိုင်း (၂/၀) မိုင်အား မြေသားလမ်းအဖြစ် ခွင့်ပြု ရန်ပုံငွေကျပ် (၈၃.၀၆၇) သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဖောက်လုပ် ပေးနိုင်တော့မည်ဖြစ်သဖြင့် ၎င်းလမ်းပိုင်းရှိ တောင်ပေါ်ကျေးရွာများနေ နယ်စပ်ဒေသတိုင်းရင်းသား ပြည်သူများမှာ နမ္မတူမြို့၊ မန်တုံမြို့နှင့် နမ့်ခမ်းမြို့များသို့  ရာသီမရွေး ဆက်သွယ်သွားလာနိုင်တော့ မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း သိရှိရပါသည်။