ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးဆိုင်ရာ ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ်လ  ၁၁ ရက်
    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး အတွက် ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီနှင့် ခန်းမတွင်းနေရာချ ထားရေး လုပ်ငန်းကော်မတီ တို့၏ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    အစည်းအဝေးတွင် ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊  နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က မိမိတို့ ခန်းမတွင်းနေရာချထားရေးလုပ်ငန်း ကော်မတီအနေဖြင့် ယခင်ညီလာခံအစည်းအဝေးများ ကျင်းပစဉ်က တာဝန်ယူခဲ့သည့် အတွေ့အကြုံကောင်းများ ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင်အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ အားလုံးက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ဧည့်သည်များ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ညီလာခံပြီးဆုံးသည့်အချိန်အထိ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို အသေးစိတ်စဉ်းစားသုံးသပ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ယခုကျင်းပမည့် ညီလာခံ သည် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားခဲ့သည့် ကူးစက်မြန် ပြင်းထန် COVID-19  ရောဂါ၏ ကန့်သတ်ချက်များကြောင့် ကိုယ်စားလှယ် အရေအတွက် လျော့နည်းခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းစဉ်းစားဖြည့်ဆည်းရမည့် အချက်အလက်များကို ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
    ဆက်လက်၍ ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက MICC-1 နှင့် MICC-2 တို့တွင် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များနှင့် COVID-19 ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်အတွက် ဖြည့်စွက် အကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
    အစည်းအဝေးအပြီးတွင် ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခန်းမတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ၏ MICC-1 နှင့် MICC-2 တို့တွင် ခင်းကျင်းပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီ၏ ဟိုတယ်အသီးသီးတွင် ကြိုဆိုနေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။