ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီး

အောက်တိုဘာ ၃၀    

                                                                         

            နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်( ပြည်ထောင်စု )ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ၊ ရှမ်းဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း နယ်စပ်ဒေသ အသီးသီးရှိ တိုင်းရင်းသားညီအကိုများ၏ လူမှုစီးပွားဘဝများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အဆိုပါဒေသများရှိ မြေလမ်း( ၂၅ )မိုင်၊ ကျောက်လမ်း( ၄၉ / ၂) မိုင်၊ ကတ္တရာလမ်း (၆) မိုင်၊ ကွန်ကရစ်တံတား( ၂ )စင်း၊ ဘေလီတံတား( ၄ )စင်း၊ ကွန်ကရစ်လမ်း( ၀ / ၆ )မိုင်၊ Box Culvert( ၁၁၄ ) စင်း၊ ရေပြွန်( ၁၅ )စင်း၊ ရေရရှိရေးလုပ်ငန်း( ၁ )ခုနှင့် ဦးစီးဌာနတည်ဆောက်ရေး လုပ်ငန်း( ၂၅ )ခု ထောက်ပံ့ လှူဒါန်းမှု(၁၈)ခုတို့အတွက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ( ၉၄၂၉ ဒဿမ ၁၀၂သန်း)ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

            အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နယ်စပ်ဒေသတိုင်းရင်း သားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်၍ တစ်ဒေသနှင့်တစ်ဒေသ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီး တိုင်းရင်းသားပြည်သူအချင်းချင်း ရိုးရာယဉ်ကျေးမှုများ ဖလှယ်ကာ သွေးစည်းချစ်ကြည်ခိုင်မြဲလာမည်ဖြစ်ပါသည်။