အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်

ဗန်းမော်၊ သက်မွေးပညာ
    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း(ဗန်းမော်)၏ သင်တန်း ကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
    အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်လွင်က သင်တန်းသို့ တက်ရောက်လာကြသည့်သင်တန်းသူများဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသူများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူ လေးများဖြစ်လာစေရန်၊ နယ်စပ်ဒေသနှင့်ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာများ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက် ပေးရန်၊ တိုင်းချစ်ပြည်ချစ်၊ အမျိုးချစ်စိတ်အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများဖြစ်လာစေရန်၊ နိုင်ငံတော်က အိမ်တွင်းမှုပညာရပ်များကို နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသူလေးများအတွက် သာမက လူဦးရေထူထပ်သည့် အတွင်းပိုင်းဒေသက အမျိုးသမီးလေးများ အသိပညာ၊ အတတ်ပညာများ တိုးပွားစေရေး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရေး စသည့် ရည်ရွယ်ချက်များဖြင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 
    ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း(ဗန်းမော်) ကျောင်းအုပ် ဆရာမကြီး ဒေါ်သိင်္ဂီအေးက သင်တန်းအတွင်း ထောက်ပံ့သည့် သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပ်သင်တန်းသို့ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် မြို့များမှ အမျိုးသမီးငယ်(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၃.၁၀.၂၀၂၃ ရက်နေ့မှ ၂၂.၃.၂၀၂၄ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်
 

Post Paragraph