
ဘိုကလေး ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဇွန်လ ၁၅ ရက်က လူငယ်စကားဝိုင်း ကျင်းပသည်။
အဆိုပါစကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ စကားဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ စာရေးဆရာမ အလင်းနတ်သမီး တို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှုူ၊ လူငယ်နှင့်အတွေးအခေါ်၊ လူငယ်နှင့်အောင်မြင်မှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ် စာစောင်များ၊ သုတ၊ ရသ စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။




