နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ JICA ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအတွက် မြန်မာနိုင်ငံတွင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟုသုတဝေမျှခြင်း အခမ်းအနားအား ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး JICA မှ Pro. Dr. Ikuko OKAMOTO မှ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် JICA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။