ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း ဆင်သေနှင့်နန်ဖာကျေးရွာချင်းဆက်မြေသားလမ်း ၄ မိုင် အမာခံလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆင်သေနှင့် နန်ဖာကျေးရွာချင်းဆက်မြေသားလမ်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာ ခြောက်ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အထောက်အကူ ပြုကြောင်း သိရသည်။