လွိုင်ကော် အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ လွိုင်ကော်မြို့ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးငယ်များကို ပြည်နယ်၏ဖွံ့ဖြိုး တိုးတက်ရေးတွင်ပါဝင်ထမ်းဆောင်နိုင်သည့် အမျိုးကောင်းသမီးလေးများ ဖြစ်လာစေရန်နှင့် မိမိတို့၏ ဘဝကို မိမိတို့အစွမ်းအစနှင့် ရပ်တည်နိုင်ရန် ရည်ရွယ်၍ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သင်တန်းကသင်ကြားတက်မြောက် ထားသည့်လက်မှု အတက်ပညာများကို မိမိတို့ဒေသအလိုက် လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိတို့ ပြည်နယ်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ အခြေခံသင်တန်းများ ပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်ရေးနှင့် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရ ရှိစေရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များ ၊ နေထိုင် စားသောက်ရေးကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၆)သိန်း(၅)သောင်းကို ပေးအပ်ခဲ့ရာ သင်တန်းသူနှစ်ဦးကလက်ခံရယူ ခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
၎င်းနောက် အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မှီဒီဇိုင်းလက်ရာများကိုလည်းကောင်း၊ စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် သင်တန်းခန်းမများ၊ အိပ်ဆောင်များ ၊ စာကြည့်တိုက်နှင့် စားရိပ်သာဆောင် များကိုလည်းကောင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြကာ လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့သည်။