အရေးကြီးသည့် လမ်းပန်းဆက်သွယ်ရေး
ကူးလူးဆက်ဆံမှု ကောင်းမွန်ချောမွေ့ခြင်းသည် လူ့အဖွဲ့အစည်းကို များစွာအကျိုးကျေးဇူးပြုပါသည်။ ဒေသတစ်ခုသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကို အမှီသဟဲပြုလျက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့်လူမှုနယ်ပယ်အစုံအတွက် ပေါင်းစည်းရှင်သန်ကြရပေသည်။ အရပ်ဒေသတစ်ခုအနေဖြင့် တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နယ်နှင့်တစ်နယ်မှသည် အဆင့်တိုင်း ကူးလူးဆက်သွယ်သွားလာမှု ဖြောင့်ဖြူးချောမွေ့နေပြီ ဆိုပါက မလွဲမသွေဖွံ့ဖြိုးတိုးတက်ကြသည်ကို တွေ့မြင်နိုင်ပါသည်။
ထို့ကြောင့် နိုင်ငံတော်သည် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို အထူးအလေးပေး လုပ်ဆောင်လျက်ရှိပါသည်။
ပြည်ထောင်စုဝန်ကြီးခရီးစဉ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအပါအဝင် ဝန်ကြီးဌာန (ရုံးချုပ်)မှ အရာထမ်းများ၊ အင်ဂျင်နီယာများနှင့် နယ်မြေကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ အဖွဲ့များသည် မဲနယ်တောင်တန်းဒေသနယ်မြေအား အသေးစိတ် မြေပြင်ကွင်းဆင်း၍ အကြိမ်ကြိမ် စစ်ဆေးခဲ့ပါသည်။ ရရှိလာသော အခြေခံအချက်အလက်များအပေါ် သုံးသပ်၍ မဲနယ်တောင်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားအကောင်အထည်ဖော်နိုင်ရေး မဟာဗျူဟာစီမံချက်များအား စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ စီမံကိန်းများတွင် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာ ပါဝင်ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မဲနယ်တောင်ဒေသသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် တစ်ကြိမ်သွားရောက်ခဲ့ပြီးနောက် ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဤမဲနယ်တောင်တန်းဒေသ နှင့် လွယ်မောတောင်တန်းဒေသများ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လမ်းကွန်ယက်ဖောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်ပါသည်။
ကောင်းကလွန်း- လွယ်မိုင်းတောင် မြေလမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းခွင်အား စစ်ဆေးပြီးနောက် ပန်ကလ-ဒုံလီတန် ၁ မိုင် ၅ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်းနှင့် ၃ မိုင် ၂ ဖာလုံ အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပါခက်- ပန်ကလ ၁ မိုင် ၄ ဖာလုံ မြေလမ်း ဖောက်လုပ် ခြင်းနှင့် ပေ ၂၀ တံတား ဆောက်လုပ်ပြီးစီးမှု၊ ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ ၁၀ မိုင် ၃ ဖာလုံ မြေလမ်းဖောက်လုပ်နေမှု အခြေအနေများအား ဆက်လက်စစ်ဆေးခဲ့ပါသည်။
လမ်းဘေးရေမြောင်းများ၊ Box Culvert များ ဆောင်ရွက်ခြင်းနှင့် လမ်းအတက်အဆင်းများ ချောမောပြေပြစ်အောင် ဆောင်ရွက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးတို့သည်လည်း လမ်းဖောက်လုပ်ရေးများတွင် အရေးကြီးလှပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းများကိုလည်း အလေးထားစစ်ဆေးခဲ့သည်။
ဤလမ်းများ၊ တံတားများသည် မဲနယ်တောင်ကြောပေါ်ရှိ တောင်နှင့်မြောက်သွယ်တန်းနေသော လမ်းနှစ်သွယ်အား အရှေ့မှ အနောက်သို့ ဆက်သွယ်ရန် ကွန်ယက်သဖွယ် ဖောက်လုပ်နေခြင်း ပင်ဖြစ်ပါသည်။ ထိုသို့ဖောက်လုပ်မှသာ မဲနယ်တောင်ဒေသခံများ အရှေ့နှင့်အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာသို့ အလွယ်တကူသွားလာနိုင်ပေလိမ့်မည်။
လမ်းကွန်ယက်များ
၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသတို့တွင် ကျောက္ကချား-နတ်စင်-ပန်ကလ လမ်း ၆ မိုင် ၄ ဖာလုံ၊ နတ်စင်-ပါခက်-ပန်ကလ လမ်း ၃ မိုင် ၁ ဖာလုံ၊ ပါခက်-နောင်လိုင်လမ်း လမ်းတာချဲ့ ၄ မိုင် ၄ ဖာလုံ တို့ကို အကောင်အထည်ဖော်ပေးခဲ့သည်။ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၌ ပန်ကလ-ဒုံလီတန် မြေသားလမ်း ၃ မိုင် ၂ ဖာလုံ၊ ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ မြေသားလမ်း ၁၀ မိုင် ၃ ဖာလုံနှင့် လပ်တိုင်-နားခိုက်-ဝမ်တီး-ပန်ဟိုင်း-သီဟိုး လမ်း ၁၅ မိုင် ၁ ဖာလုံ တို့အား အဆင့်မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် ယခင်ဆောင်ရွက်ပေးခဲ့ပြီး လပ်တိုင်-ထမ့်ယမ်း-နောင်တဗန်-ဆော့ဆားလမ်း ၄ မိုင် ၂ ဖာလုံလမ်းပေါ်ရှိ လမ်းကျဉ်းမြောင်းသည့်နေရာများအား လိုအပ်ချက်အရ လမ်းတာချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျောက္ကချား- နတ်စင်- ပန်ကလလမ်းနှင့် နတ်စင်- ပါခက်- ပန်ကလ လမ်းပေါ်ရှိ အတက်အဆင်း မတ်စောက်သည့်နေရာများ၌ သွားလာရေး ပြေပြစ်စေရန် ၁ မိုင် ကွန်ကရစ်ခင်းခြင်း၊ ယခင်နှစ်က လမ်းတာချဲ့ပြီးစီးခဲ့သည့် ပါခက်- နောင်လိုင် ၄ မိုင် ၄ ဖာလုံ လမ်းပေါ်တွင် လမ်းပျက်စီးမှု ထိန်းသိမ်းပေးရန်လိုအပ်သည့် Box Culvert နှင့် ရေကျော်များ တည်ဆောက်ပေးခြင်း၊ နားမွန်း-ထီအုံစောက်-တနိုင်မွန်လမ်း ၁၀ မိုင် ၁ ဖာလုံ လမ်းတာ ချဲ့ခြင်းနှင့် Box Culvert ၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန် လျာထားပေးပြီးဖြစ်ပါသည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ဒုံလီတန်-နားလုံး-ဟိုင်းနွဲ့ လမ်းပိုင်း ၉ မိုင် ၂ ဖာလုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း အပြီးသတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြန်သည်။
လမ်းများညီညာ ပြည်သာယာ
ရွာသစ်- ကျောက္ကချား- ဖက်နမ် လမ်းမကြီးနှင့် ပွန်ချောင်းအကြား မဲနယ်တောင်တန်းဒေသ အတွင်း ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျေးရွာပေါင်း ၅၈ ရွာတွင် အိမ်ခြေ ၄,၉၂၂ အိမ်တည်ရှိပြီး နေထိုင်သူ လူဦးရေစုစုပေါင်း ၂၅,၅၇၁ ဦးရှိပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသအတွင်း တောင်- မြောက်- အရှေ့- အနောက် လမ်းကွန်ယက်များ ဖြစ်ပေါ်လာမည်။ ဒေသတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများတွက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်တော့မည်။ ဒေသတွင်း လူမှုစီးပွားဘဝများစွာ တိုးတက်ခြင်းနှင့်အတူ သာယာလှပအေးချမ်းသော ဤဒေသအတွင်း၌ ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ချောမွေ့ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ စားနပ်ရိက္ခာ ဖူလုံပြည့်ဝမှု၊ ဒေသများအကြားအလပ်မကျန် ဖွံ့ဖြိုးတိုးတက်မှုများ ခံစားကြရပေတော့မည်။ လမ်းများ ညီညာ၍ ပြည်သာယာပါစေဟု မုဒိတာပွားလိုက်မိပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲနယ်တောင်ကြောပေါ် ကျောက္ကချားကျေးရွာမှ ဆိုက်ခေါင်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ဆိုက်ခေါင်တွင် နယ်စပ်ဒေသများရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများရှိပါသည်။ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ ဖြစ်ပါသည်။ ယင်းကျောင်းများအား ဝင်ရောက်စစ်ဆေးခဲ့ပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
လွယ်မိုင်းကအပြန်
မဲနယ်တောင်ကြောမှ ဆိုက်ခေါင်သို့အဆင်းတွင် လွယ်မိုင်းတောင်ဖက်ကို လည်ပြန်ကြည့်မိရင်း အတိတ်ကာလကို ဆက်စပ်တွေးတောမိပြန်သည်။
စာရေးသူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်မြေပြင်ဆေးတပ်ရင်း၌ တာဝန်ထမ်းဆောင်စဉ် ကာလ ဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ဒေါက်တာထင်အောင်ဖြစ်သည်။ သူသည် ရန်ကုန် ဆေးတက္ကသိုလ်မှ MBBS ဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပါသည်။ သူက ထိုလွယ်မိုင်းတောင် လေယာဉ်ပျက် ရှာဖွေရေးစစ်ဆင်ရေး၌ ဆေးမှူးအဆင့်နှင့် Medical Cover အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ် သည်။ တပ်ရင်းမှူးနှင့် စကားလက်ဆုံကျရင်း လေယာဉ်ပျက်ကျပုံ၊ လေယာဉ်ပျက်ကျသည့် လျှိုထဲသို့ ခက်ခက်ခဲခဲဆင်းရပုံ၊ ပြန့်ကျဲနေသော Body များစုစည်းရပုံ၊ Body များ စံဖူးကျေးရွာတွင် စုစည်း ထားပုံများကို အသေးစိတ် ပြောပြခဲ့ဖူးသည်။ လေယာဉ်မှူးက “ဦးမက်စ်တူး”၊ လေယာဉ်မယ်က “ဒေါ်ပေါက်ပေါက်”ဟုလည်း ပြောပြခဲ့ပါသည်။
ထိုစဉ်ကာလများက ၁၉၆၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း (ဆရာဝန်များ) နည်းဥပဒေများအရ နိုင်ငံတော်သည် ဆရာဝန်များအား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင် ပါသည်။ ဆေးတက္ကသိုလ်များမှ ကျောင်းပြီးပါက ပြည်သူ့စစ်မှုထမ်းဆရာဝန်အဖြစ် အမှုထမ်းရွက်ရန် "ဆရာဝန်တစ်ဦး စစ်မှုထမ်းရမည့်၊ သို့တည်းမဟုတ် မြို့ပြဆိုင်ရာအုပ်ချုပ်ရေးဘက်တွင် အမှုထမ်း ရွက်ရမည့် ကာလအပိုင်းအခြားသည်၊ နှစ်နှစ်ဖြစ်သည်။ သို့သော်လည်း အစိုးရက၊ လိုအပ်သည်ဟု ယူဆလျှင်၊ ထိုသို့စစ်မှုထမ်းရမည့်၊ သို့တည်းမဟုတ် အမှုထမ်းရွက်ရမည့် ကာလအပိုင်းအခြားကို၊ နောက်ထပ်တစ်နှစ် တိုးနိုင်သည်" ဟု ဖော်ပြထားပါသည်။ စစ်မှုထမ်းကာလပြည့်ပါက တပ်မတော် တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်သည်။ စစ်မှုမထမ်းလိုပါကလည်း နယ်ဘက် ဆရာဝန်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပါသည်။ ဒုတိယဗိုလ်မှူးကြီး ဒေါက်တာထင်အောင် ကတော့ စစ်မှုတာဝန် ဆက်လက်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
စံဖူးရွာသားတွေက ရှာဖွေရေးတွေလုပ်၊ တောင်ပေါ်တက်၊ လျှိုထဲဆင်း၊ ငွေကြေးအကျိုး အမြတ်မပါ၊ စေတနာသက်သက်ဖြင့် တစ်လနီးပါးခန့်လုပ်အားပေးခဲ့ကြသည်။ လမ်းခရီးခက်ခဲ ကြမ်းတမ်းချိန်မို့ ကျန်ရစ်သူမိသားစုများ မလာရောက်နိုင်ကြ။ ဟိုပုံးတွင်စု၍ သင်္ဂြိုလ်ကြရသည်။ ဒေသခံများက ကွယ်လွန်သူများကိုရည်စူး၍ လေယာဉ်ပျက်ကျသည့်နေရာတွင် ကောင်းမှုကုသိုလ် များပြုလုပ်ကြပြီး အမျှအတန်းပေးဝေခဲ့ကြသည်ဟု ဆိုပါသည်။
ထူးဆန်းချက်များရှိပါသည်။ ယနေ့အချိန်အထိ လေယာဉ်ဝမ်းဗိုက်နှင့် ရှပ်တိုက်သွားသည့် ကမ်းပါးတစ်လျှောက် ကိုက် ၅၀၀ လောက်မှာ မည်သည့်သစ်ပင်မှ မပေါက်တော့။ စွပ်ကြောင်းအတိုင်း သာရှိနေခဲ့သည်။ ထိုနေရာကလေး၌ လေယာဉ်ပျက်ကျမှုအထိမ်းအမှတ် မှတ်တိုင်လေးတစ်ခုစိုက်ထူ ထားရှိသည်။ လူတစ်ရပ်ခန့်ရှိသည့် မှတ်တိုင်၏တိုင်ခြေမှာ ကျောက်တုံးလေးများစုပုံထားရှိသည်။ မှတ်တိုင်၏ ဘေးပတ်ဝန်းကျင်မှာတော့ ဝါးပင်များပေါက်နေသည်။
ထိုမှတ်တိုင်၏အလွန်မှာ လေယာဉ်ပျက်ကျသည့် ချောက်ကမ်းပါးတစ်ခုရှိနေ၏။ မြူတွေ တရိပ်ရိပ်တက်ပြီး ဖြူဖွေးနေသည်မို့ မြင်ကွင်းကဝေဝါးနေသည်။ ဝေဝေဝါးဝါးမြင်ကွင်းကြားမှ ကွယ်လွန်သူတို့၏ ဝိညာဉ်များ ရိုးတိုးရိပ်တိတ်လှုပ်ရှား နေမည်လား အတွေးများဖြင့်ရှာကြည့်မိသေး သည်။
တည်ဆောက်သူများသည်
မဲနယ်တောင်တန်းဒေသအတွက် ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းကို တွေးတောမုဒိတာပွားရင်း "ကဗျာ" လေးတစ်ပုဒ်ကို အမှတ်ရမိသည်။ နာမည်ကျော်ကဗျာ ဆရာမကြီး Will Allen Dromgoole ရေးသားသည့် " The Bridge Builder " ဆိုသည့် ကဗျာလေးဖြစ်၏။ မူရင်းကဗျာအနက်မှအချို့ကို ကောက်နုတ်ချက်ဖော်ပြရလျှင်-
An old man going a lone highway,
……………………………………
The old man crossed in the twilight dim,
The sullen stream had no fear for him;
But he turned when safe on the other side
And built a bridge to span the tide.
“Old man,” said a fellow pilgrim near,
“You are wasting your strength with building here;
………………………………………
You’ve crossed the chasm, deep and wide,
Why build this bridge at evening tide?”
………………………………
“Good friend, in the path I have come,” he said,
“There followed after me to-day
A youth whose feet must pass this way.
This chasm that has been as naught to me
To that fair-haired youth may a pitfall be;
He, too, must cross in the twilight dim;
Good friend, I am building this bridge for him!”
ခေါင်းစဉ်အားမြန်မာမှုပြုပါက “တံတားတည်ဆောက်သူ” ဟု အဓိပ္ပာယ်ရနိုင်ပါသည်။ ကဗျာ ၏သဘောမှာ-
“အဖိုးကြီးတစ်ယောက် ခရီးသွားတယ်၊ ချောက်တစ်ခုကိုတွေ့တယ်၊ ခက်ခက်ခဲခဲဖြတ်ကျော် ရတယ်၊ တစ်ဖက်ကမ်းရောက်တော့ သူဖြတ်ခဲ့ရတဲ့ချောက်မှာ တံတားတစ်စင်းထိုးလိုက်တယ်၊ ဘေးနားရှိ လူတစ်ဦးကပြောတယ်၊ ဒီချောက်ကိုဖြတ်ပြီးပြီပဲ ဘာပြုလို့တံတားထိုးရတာလဲတဲ့၊ ဒီတော့ သူကပြန်ပြောတယ်၊ နောက်မှာ လူငယ်တစ်ယောက်လာနေတယ်၊ သူမပင်ပန်းအောင် တံတားထိုးပေး တာပါတဲ့။”
စာရေးသူတို့ မူလတန်းအရွယ်က သင်ကြားခဲ့ရဖူးသည့် နောင်လာနောင်သားတို့ အသီးအပွင့် များ အသင့်ခူးယူစားသုံးနိုင်ရန်အတွက် သရက်ပင်စိုက်ပျိုးပေးခဲ့သည့် အဖိုးအိုပုံပြင်နှင့် ဆင်တူပါ သည်။
ဤဒေသတွင် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မိမိတို့ အသုံးပြုရန်၊ မိမိတို့အကျိုးခံစားရန်၊ မိမိတို့ဖြတ်ကျော်နင်းလျှောက်ရန်အတွက် မဟုတ်။ ဒေသတွင်းရှိ ဆက်ခံသူတို့ အနာဂတ်ဘဝများ သာယာလှပစေရေးအတွက် ရည်ရွယ်၍ စေတနာအပြည့်ဖြင့် ပုံဖော် တည်ဆောက်ပေးနေခြင်းသာ ဖြစ်ပေသည်။
အကျိုးရှိရှိအသုံးပြုရန်လိုအပ်
နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက် ဒေသများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ မှုအပေါ် များစွာအခြေခံပါသည်။ ထို့ကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ကောင်းမွန်မှုသည် အဓိက အရေးကြီးသော ကဏ္ဍတစ်ခုပင်ဖြစ်၏။ ဒေသအသီးသီးတွင် တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချ နိုင်ရန် ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် လမ်းကွန်ယက်များ များစွာလိုအပ်နေဆဲပင် ဖြစ်ပါ သည်။
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးသည် ရည်မှန်း ချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ဒေသအသီးသီးတွင် လမ်းတံတားဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း များကို ကွန်ယက်သဖွယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒေသခံများကလည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လိုသည့်စိတ်များ ဆထက်ထမ်းပိုး မွေးမြူ ကြရပေလိမ့်မည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိန်းသိမ်းကြရန်လိုအပ်ပါလိမ့်မည်။ ဒေသ၏ငြိမ်းချမ်းမှု အစဉ်တည်တံ့နေစေရေး ဝိုင်းဝန်းစောင့်ရှောက်ရန်လည်း လိုအပ်ပါလိမ့်မည်။ ဆောင်ရွက်ပြီး ဖွံ့ဖြိုး ရေးလုပ်ငန်းများအား မြတ်နိုးတန်ဖိုးထားကြရန်နှင့် အကျိုးရှိရှိအသုံးပြုကြရန်လည်း အထူးလိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဝ ထ က လ သ
(နတလ)