မြိတ် အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းကို ယမန်နေ့က ဖွင့်လှစ်သည်။
သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။
ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ် နည်းဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ အမျိုးသမီးငယ် ၂၀ ဦး တက်ရောက်ခဲ့ကြသည်။