မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများလှူဒါန်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်၊ ဇန်နဝါရီ    ၁၁
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခ ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်း ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒထံမှ ငါးပါသီလခံယူဆောက်တည်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓမ္မသုခ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦးအတွက် လှူဒါန်းငွေ ကျပ် ၄၃ သိန်း၅သောင်းကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော စားသုံးဆီ(၁၀၀)ဗူးနှင့် ခေါက်ဆွဲခြောက်ဖာ(၁၀၀)ကို လည်းကောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများတွင် ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၆၅၁ ဦးအတွက် ကျပ် ၁၉၅ သိန်း ၃ သောင်းကို ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
 

Post Paragraph