
နေပြည်တော် မေ ၃၀
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ(Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များနှင့် အသင်းအဖွဲ့ များမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအား “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီး “မြေငလျင်ဘေးအလွန် အကျပ်အတည်းများအကြားမှ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်ကာ ကျော်လွှားကြမည်” Video Clip ကို ကြည့်ရှုကြသည်။
ယင်းနောက် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်စွာရပ်တန့် ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဖိုရမ်ကြီးကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကိုသိရှိအသုံးချပြီး ပြည်တွင်း က ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင် ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့်ကျင်းပခြင်းဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၃၉) ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅၁၀၄) ဦးနှင့် ပျောက်ဆုံးနေသူ (၆၈) ဦးရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း၌ပင် ပျက်စီးဆုံးရှုံးမှုပမာဏများပြားသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် ချက်ချင်းဆိုသကဲ့သို့ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပမှ အကူအညီများ ပေးအပ်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေး ပစ္စည်းတန်ချိန် (၃၁၀၉ ဒသမ ၃၁၇ )ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁၀၇၀) ဦး၊ ကျန်းမာရေးစောင့်ရှောက်ရေး ပညာရှင်များနှင့် ဆရာဝန်များ (၂၈၇) ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း။
ငလျင်လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများသည် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးများကတစ်ဆင့် ရောက်ရှိလာခဲ့ကြကြောင်း၊ ယင်းအတွက် မန္တလေးငလျင်ကြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် နိုင်ငံများမှ အစိုးရများနှင့်အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကို နိုင်ငံတော်အစိုးရနှင့် မြန်မာပြည်သူများကိုယ်စား ပြောကြားလိုကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှု များသည် အလွန်ကြီးမားခဲ့ကြောင်း၊ တွက်ချက်ထားမှုအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် မိမိတို့အားလုံးဆောင်ရွက်နေပြီ ဖြစ်ကြောင်း။
ယနေ့ကျင်းပသည့်ဖိုရမ်သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည်ကုစားမည်၊ မည်သို့ပြန်လည်ထူထောင်ကြမည်၊ ထိုသို့ပြန်လည် ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သည့်အခွင့်အလမ်းများ ရှိလာနိုင်မည်ကို လူမှုစီးပွားအမြင် ရှုထောင့်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာပညာရှင်များ၏ သုံးသပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသည့်စီးပွားရေးနယ်ပယ်အသီးသီးမှ အကြံပြုချက်များကို စုစည်းဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ယနေ့မိမိတို့ယခုနေရာကို စုဝေးရောက်ရှိလာကြခြင်းသည် မိမိတို့မည်မျှဆုံးရှုံးခဲ့သည်ကို တွက်ချက်ဖော်ပြဝမ်းနည်းနေကြခြင်းထက် မီးလျှံထဲကဇာမဏီငှက်ကဲ့သို့ မိမိတို့မည်သို့ ပြန်လည်နိုးထ ရုန်းကန်ရှင်သန်ကြမည်၊ မည်သို့ပြန်လည်တည်ဆောက်ကြမည်၊ ယင်းထက် အရေးကြီးသည်မှာ မည်သို့ပိုပြီး ကောင်းအောင်တည်ဆောက်ကြမည်ဆိုသည်ကို နိုင်ငံချစ်စိတ် အခြေခံပြီး စည်းလုံးချစ်ခင်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ကြရန်ပင်ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက မိမိတို့၏ လူမှုစီးပွားဘဝများ၊ သယ်ယူပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများကိုပါ ဖျက်ဆီးဖြတ်တောက်ခဲ့ကြောင်း၊ အသက်များဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးသင့်ပြည်သူများသည် နေရပ်များယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေခဲ့သကဲ့သို့ မိမိတို့၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်း ရိုက်ခတ်မှုများ အထိုက်အလျောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုမိမိတို့သည် အင်အားရှိလှသည့် အမှန်တရားတစ်ခုနှင့်နိုးထလာခဲ့ကြကြောင်း၊ ယင်းအမှန်တရားသည် မြန်မာလူမျိုးများ၏ပြင်းပြသည့် စိတ်ဓာတ်နှင့်စုစည်းညီညွတ်မှုသည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဘဲ ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု မိမိ အနေဖြင့် အခိုင်အမာပြောလိုကြောင်း။
မိမိ၏ယခုဆွေးနွေးပြောဆိုမှုသည် တွေးတောစဉ်းစားမှုတစ်ခုသာမျှမကဘဲ လမ်းပြမြေပုံတစ်ခုအတွက် အုတ်မြစ်ချခြင်းဟုလည်းပြောလိုကြောင်း၊ မြန်မာနိုင်ငံ၏ငလျင်ဘေးအလွန် စီးပွားရေးပြန်လည်ကုစားကြရာတွင် မိမိတို့၏စုပေါင်းရှုမြင်မှုများနှင့်အတူ ဆောင်ရွက်သင့်သည့် မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ကို မိမိသုံးသပ်ပြောကြားလိုကြောင်း။
ယင်းသုံးရပ်မှာ ပထမမဏ္ဍိုင်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ ဒုတိယမဏ္ဍိုင်အဖြစ် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) နှင့် တတိယမဏ္ဍိုင်အဖြစ် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့်ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) စသည်တို့ဖြစ်ကြကြောင်း။
ပထမဆုံးမဏ္ဍိုင်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေးအနေဖြင့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးမိမိတို့၏ဦးစားပေးမှုသည် ရိုးရှင်းပြီးအဆောတလျင်လုပ်ရမည့်ကိစ္စဖြစ်သည့် အသက်များကိုကယ်တင်ရန်နှင့် လူမှုအသိုက် အဝန်းတည်ငြိမ်မှုရရှိစေရန် မိမိတို့စတင်လုပ်ဆောင်ခဲ့ကြကြောင်း၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများအကြားတွင် သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်နေခြင်းများအပေါ်တွင် ပိုမိုထိရောက်အောင် အရှိန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
ငလျင်ကြီးကြောင့် လူပေါင်းခြောက်သိန်းခန့်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း၊ ငလျင်ဘေးကြီးမားစွာ ခံစားရသည့် ဒေသများတွင် ငလျင်လှုပ်အပြီး (၇၂)နာရီအတွင်း အရေးပေါ် ရွက်ဖျင်တဲများကို တည်ဆောက်ပေးခဲ့ကြောင်း၊ သန့်ရှင်းသည့်ရေ၊ အစားအသောက်နှင့် ဆေးဝါးများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သည့်ဒေသများတွင် ရွှေ့ပြောင်းဆေးရုံနှင့်ဆေးခန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ လူမှုအသိုက်အဝန်းကြား အထူးသဖြင့် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ဘေးကလွတ်မြောက်လာသူများ၏ စိတ်ထိခိုက်ခံစားမှုများအတွက် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုပါထည့်သွင်းဆောင်ရွက်ခဲ့ကြကြောင်း။
သို့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများဆိုသည်မှာ သက်သာသွားရုံဖြင့်ရပ်တန့်ပစ်၍မရကြောင်း၊ ယင်းအကူအညီများကို လူမှုကာကွယ်ရေးစနစ်တစ်ခု အတွင်းသို့ ကူးပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ယာယီနေအိမ်မှ ငလျင်ဒဏ် ခံနိုင်သည့် အမြဲတမ်းနေအိမ်များ ဆောက်လုပ်ပေးခြင်း၊ နေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့် ကလေးငယ်များကို လုံခြုံစိတ်ချရသည့် ကျောင်းများနှင့် စာသင်ခန်းများတွင် တက်ရောက်နိုင်စေရေး ဆောင်ရွက်ပေးခြင်းနှင့် ပင်မဝင်ငွေဆုံးရှုံးခဲ့ရသည့် မိသားစုများအတွက် အရေးပေါ် အသက်မွေးဝမ်းကျောင်း ထောက်ပံ့ငွေများပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် လူမှုအကာအကွယ်ပေးမှုအစီအစဉ်၏ အစိတ်အပိုင်းများဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ပထမမဏ္ဍိုင်သည် ပြည်သူ့အရေးဦးတည်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ကို ပြောကြားလိုကြောင်း။
ဒုတိယမဏ္ဍိုင်ဖြစ်သည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းနှင့် စီးပွားရေးပြန်လည်ရှင်သန်စေရန်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ငလျင်ကြောင့်ဖြစ်ပေါ်ရသည့် စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုများသည် ကြီးမားလှကြောင်း၊ လမ်းများသည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး တံတားများပြိုကျခဲ့ကြောင်း၊ MSME များမှအစ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ကြကြောင်း။
သို့သော်လည်း အကျပ်အတည်းများထဲမှ အခွင့်အလမ်းများရှိနေသည်ကိုမိမိတို့ သတိပြုရမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် ပြန်လည်တည်ဆောက်ရုံသက်သက်ကာလမဟုတ်ကြောင်း၊ ပိုပြီးကောင်းမွန်သည့် ပိုပြီးစိမ်းလန်းသည့်လူမှုဝန်းကျင်များကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများလည်းရှိနေကြောင်း၊ မိမိတို့သည် ကြံ့ကြံ့ခံသည့် အခြေခံအဆောက်အဦများဖြင့် ပြန်လည်ထူထောင်ရေးအမျိုးသားအဆင့် အစီအစဉ်ကို စနစ်တကျလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ပြည်တွင်းရန်ပုံငွေများ၊ အစိုးရနှင့်ပုဂ္ဂလိကတို့၏ မိတ်ဖက်ဆောင်ရွက်မှုများ (public-private partnerships)နှင့် နိုင်ငံတကာအကူအညီများကို ထည့်သွင်းပါဝင်စေပြီး အဓိကကျသည့်နယ်ပယ်(၅)ခုတွင် ပြန်လည်ထူထောင်ရေးများဦးစားပေးလုပ်ဆောင်သင့်ကြောင်း။
ယင်းနယ်ပယ်များမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အများပြည်သူပိုင်အဆောက်အအုံများပင် ဖြစ်ကြကြောင်း၊ အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မိမိတို့သည် မြန်မာ့စီးပွားရေး၏ ကျောရိုးပမာ ဖြစ်နေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်း MSME များပြန်လည် ရှင်သန်လာအောင်လည်း အာရုံစိုက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငလျင်ဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုကို ပြန်လည်တည်ဆောက် နိုင်ကြမည်ဟုလည်းမျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့ သို့သောဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဇုန်(Recovery zones)များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာရှိသည့်သက်သာခွင့်မက်လုံးပေးခြင်းနှင့် ESG-focused regulations ဟုခေါ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေး အခြေခံသည့် လုပ်ထုံးလုပ်နည်းများကိုပါ ဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟု ယူဆကြောင်း။
တတိယမဏ္ဍိုင်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုခြင်း (Reform and Global Partnerships) အစီအစဉ်များပင်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်း ဟုဆိုလိုက်ပါက ရုပ်ပိုင်းဆိုင်ရာထက်ကျော်လွန်ပြီးအဓိပ္ပာယ်သက်ရောက်မှုရှိသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်အသစ် တည်ဆောက်ခြင်းတို့၏ လုပ်ငန်းစဉ်တစ်ခုဟု ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာ၌ မိမိတို့သည် ကာလရှည်ချဉ်းကပ်မှုကြီးသုံးခုကို လုပ်ဆောင်သင့်ပြီး ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားရှိမှု၊ ငွေကြေးဘဏ္ဍာရေးအရ တာဝန်ယူမှုတာဝန်ခံမှုနှင့် အားလုံးခြုံငုံသည့် ဖွံ့ဖြိုးတိုးတက်မှုများပင် ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်အသင့်ပြင်ဆင်ထားရှိမှုကို ချဉ်းကပ်လုပ်ဆောင်ရာတွင် မိမိတို့သည် သဘာဝဘေးအန္တရာယ်မြင့်မားမှုရှိနေသည့် နေရာပြအမျိုးသားအဆင့် မြေပုံတစ်ခုကို နောက်ဆုံး အချက်အလက်များနှင့်အတူရေးဆွဲပြီး အခြေခံဆောင်ရွက်သင့်ကြောင်း၊ အချက်ပေးစနစ်များ စောစီးစွာတပ်ဆင်ကြရမည်ဖြစ်ပြီး ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်ပြီး ပြန်လည် ရေးဆွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှုဆိုရာတွင်လည်း မိမိတို့သည် ပြန်လည် တည်ဆောက်ရေးရန်ပုံငွေများ ခွဲဝေသုံးစွဲမှုများကို ထင်သာမြင်သာရှိစေရမည်ဖြစ်ပြီး အလေ အလွင့်မရှိစေရေးနှင့် တိုးတက်ရေးအတွက် အမြဲစောင့်ကြပ်ကြည့်ရှုမည့် ယန္တရားများကိုလည်း ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တတိယချဉ်းကပ်မှုဖြစ်သည့် အားလုံးခြုံငုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဟူသည်မှာ အမျိုးသမီးများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပြည်သူအားလုံးခြုံငုံပါဝင်စေမည့် ဖွံ့ဖြိုး တိုးတက်မှုကိုဖော်ဆောင်ခြင်းဖြစ်ကြောင်း။
မိမိတို့၏ ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြသည့်အခါ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အာဆီယံ နှင့်ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း သုံးသပ်ပြောကြားလိုကြောင်း၊ ပြန်လည်တည်ဆောက်ခြင်းဟူသည်မှာ ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင်လုံခြုံအာမခံမှုရှိသည့် နိုင်ငံ တစ်နိုင်ငံကို ဖန်တီးတည်ဆောက်ခြင်းလည်းဖြစ်သည်ဟု ပြောလိုကြောင်း၊ အနာဂတ်တွင် အခြေခံအဆောက်အဦများသည် ကြံ့ကြံ့ခံနိုင်ပြီးအုပ်ချုပ်မှုတွင် တာဝန်ခံမှုတာဝန်ယူမှုရှိသည့်၊ မျှတစွာဖွံ့ဖြိုးတိုးတက်သည့်အခြေခံကောင်းများရှိနေရမည်ဖြစ်ကြောင်း။
မိမိတို့အစီအစဉ်တွင် ပါဝင်ကြရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအနေဖြင့် မိမိတို့ကိုထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar)အတွက် မိမိတို့နှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန်ဖိတ်ခေါ်လိုကြောင်း၊ ယင်းအနာဂတ် မြန်မာနိုင်ငံကို ပိုပြီးစည်းလုံးညီညွတ်သည့်၊ ပိုပြီးခြုံငုံပါဝင်ကြသည့်၊ အနာဂတ်ကိုအသင့်ဖြစ်နေမှု ပိုပြီးခိုင်မာနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ ပုံဖော်တည်ဆောက်လိုပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း။
မိမိတို့ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးသော အမျိုးသားအရင်းအနှီးများဖြစ်သည်ဟု ဂုဏ်ပြုပြောကြားလိုကြောင်း၊ နိုင်ငံကို ပြန်လည်ထူထောင်ကြမည့်ခရီးရှည်တွင် မိမိတို့ ပြည်သူများသည် မိမိတို့ကိုဦးဆောင်ခေါ်သွားမည့် ယုံကြည်မှုအလင်းတန်းများဖြစ်ကြသည်ဟုလည်း တင်စားပြောကြားလိုကြောင်း၊ မိမိတို့ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကျရောက်လာသည့်အချိန်တွင် ယခုကဲ့သို့ " We are Stronger, We are Together" ဟူသည့် စိတ်သဘောထား ခံယူချက်များကို ဆက်လက်မွေးမြူပြီး ကြံ့ကြံ့ခံကျော်လွှားပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်ရာ၌ အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များအဖြစ် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အတွေးအမြင်များ၊ ဗဟုသုတများ၊ ရလဒ်ကောင်းများကို မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်အောင် ဝိုင်းဝန်း ကြံဆောင်ပေးကြရန်နှင့် အနာဂတ်နိုင်ငံတော်ကြီးကို ပိုမိုလှပသည့်အနာဂတ်ကို ပိုမို ထွန်းလင်းသောအလင်းတန်းများနှင့်အတူ ဖန်တီးပုံဖော်တည်ဆောက်ပေးကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် အနည်းငယ်ဖြည့်စွက်ဆွေးနွေး ပြောကြားလိုကြောင်း၊ သဘာဝဘေးဒဏ်များကြုံတွေ့ရမှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူ ဆောင်ရွက်ပြီးချိန်နောက်ပိုင်း ရာသီဥတုဖောက် ပြန်မှုများကြောင့်သာမကဘဲ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများကိုပါ ကျော်လွှားခဲ့ရကြောင်း၊ အလားတူ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကိုလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိကျော်လွှား ခဲ့ရကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများ ကိုလည်းကျော်လွှားနေရဆဲဖြစ်ကြောင်း။
အလားတူ ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးဒဏ်များကို ခံစားခဲ့ရကြောင်း၊ ယခုနှစ်မတ်လ ၂၈ ရက် တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ ဒုတိယစီးပွားရေးအကြီးဆုံး မြို့တော်ဖြစ်ကြောင်း၊ ၎င်းဒေသ၌ အလတ်စားအဆင့် ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်းများရှိပြီး ငလျင်ကြောင့်ထိခိုက်ခဲ့ရကြောင်း၊ ဘိလပ်မြေနှင့် သံမဏိများသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်၍ အမြန်ဆုံးပြန်လည်ပြုပြင်၍ လည်ပတ်နိုင်ရေးမိမိတို့အနေဖြင့် စီမံဆောင်ရွက် ခဲ့ကြောင်း၊ ထိုအချိန်တွင် ဘိလပ်မြေဈေးများမှာ မြင့်တက်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ သံနှင့်ပတ်သက်၍လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်း များအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် ပြည်ပနိုင်ငံများမှ အကူအညီ များရရှိနိုင်ရေး မိမိအနေဖြင့် အသိပေးဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း။
စက်ရုံအလုပ်ရုံများလည်ပတ်နိုင်ရေး ကုန်ကြမ်း၊ သွင်းအားစုများဖြစ်ကြသည့် လောင်စာနှင့် လျှပ်စစ်ဓာတ်အား၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် လုပ်အားများလိုအပ်ကြောင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ဒေသတွင်းထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံချိန်များ၌ မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်လာနိုင်မည်ဆိုပါက ပြည်တွင်း၌ ကုန်ပစ္စည်းများ ပေါများလာမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်မှုရှိနေပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး ငွေကြေးလည်ပတ်မှုများကို ကောင်းမွန်လာစေကာ ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း မျှတကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများလည်ပတ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်အောင် မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒုတိယအကြီးမားဆုံး ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်မြေဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်း ပိုမိုအာရုံစိုက်၍ ဆောင်ရွက်သွားကြရန် လိုကြောင်း။
မိမိတို့နိုင်ငံ၏ GDP မှာနည်းပါးနေသေးကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပစ္စည်းများတွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု၌ ၂ ဒသမ ၃ ဘီလီယံခန့် ပိုငွေပြခဲ့ကြောင်း၊ သို့သော် Non Trade တွင် လိုငွေပြသမှုများပြားကြောင်း၊ မိမိတို့အစိုးရလက်ထက် ၄ နှစ်အတွင်း ပထမနှစ်တွင် ကုန်သွယ်မှုပိုငွေပြပြီး ဒုတိယနှင့် တတိယနှစ်တို့တွင် ကုန်သွယ်မှုလိုငွေများပြခဲ့ကြောင်း၊ စတုတ္ထနှစ်တွင် ကုန်သွယ်မှုပိုငွေပြခဲ့ပြီး စုစုပေါင်း ၄ နှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေ ပြခဲ့ကြောင်း၊ သို့သော် Non Trade တွင်လိုငွေပြမှုများကြောင့် နိုင်ငံခြားငွေဈေးများမြင့်တက် နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားရခြင်းများကို စိစစ်သည့်အခါတွင် ပြည်ပသို့ထွက်ခွာမှုများ များပြားသည်ကိုတွေ့ရပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများ ပြန်လည်ရရှိစေရေး စက်ရုံအလုပ်ရုံများ လည်ပတ်၍ ပို့ကုန်များပိုမိုတိုးတက်အောင် တင်ပို့နိုင်အောင် ထုတ်လုပ်သွားရန်လိုကြောင်း၊ ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ဆောင်ရွက်နေကြသူများအနေဖြင့် ပိုမိုလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိ၏ စီးပွားရေးနှင့်ပတ်သက်သည့်မူဝါဒမှာ “ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်”ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်တွင် ရောင်းအားများပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အရေအတွက်များများရောင်းချ ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ ပြည်တွင်းထုတ်ကုန်များကိုလည်း အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ Non Trade မှ လိုငွေများတွင် ပြည်ပမှ တရားမဝင်ပစ္စည်း တင်သွင်းမှုများလည်း ပါဝင်ပြီး တရားမဝင်ရောင်းဝယ်မှုများရှိကြောင်း၊ ပြည်ပမှမှာယူ တင်သွင်းသည့်ပစ္စည်းများပြားနေသည်ကို တွေ့မြင်နေရပြီး ယင်းနေရာတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ခန့်ကတည်းက MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အရည်အသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်ကို မိမိတို့အနေဖြင့်တွေ့မြင်ရကြောင်း၊ သို့သော်လည်း အဆိုပါ ထုတ်ကုန်ပစ္စည်းများသည် စားသောက်ကုန်ကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းအများစု ဖြစ်နေသည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည့် MSME ထုတ် ကုန်ပစ္စည်းများကို ဆက်လက်တိုးမြှင့်ထုတ်လုပ်သွားကြရန်လိုအပ်မည်ဟု ပြောကြားလိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့်ပတ်သက်၍ ငလျင်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံငွေများလိုအပ်မည်ဖြစ်ပြီး ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်း၍ချေးငွေများဆောင်ရွက်ပေးနိုင်ရန်တင်ပြမှုများရှိကြောင်း၊ အတိုးများတွက်ချက်ရာတွင် Developing နှင့် Commercial ဟူ၍ရှိမည်ဖြစ်ပြီး Developing လုပ်ငန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ Commercial နှင့်ပတ်သက်၍လည်း နှစ်ပိုင်းရှိမည်ဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများတွင်ရှိသည့် Commercial အတိုးနှုန်းနှင့် အခြားဒေသများရှိ Commercial အတိုးနှုန်းဟူ၍ဖြစ်ကြောင်း၊ ဖြစ်နိုင်သရွေ့ အတိုးနှုန်း သက်သက်သာသာဖြင့် ဖြစ်စေရေး တာဝန်ရှိသူများ၊ အတွေ့အကြုံရှိသူများအနေဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများဆောင်ရွက်ပေးနိုင်ရေး ငွေကျပ် ဘီလီယံ ၇၀၀ ကိုလျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍လည်း မိမိတို့ထံတွင် လက်ကျန်ငွေကျပ် ၂၂၆ ဘီလီယံခန့်ရှိကြောင်း၊ ယင်းငွေများကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက်လည်း ထုတ်ပေး သွားလိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို စက်ရုံ၊ အလုပ်ရုံများတွင် အကျိုးရှိရှိ သုံးစွဲသွားနိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးပေးစေလိုကြောင်း။
မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယင်းကိုဖြေရှင်းနိုင်သည့် နည်းလမ်းမှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန်ဈေးနှုန်းကျဆင်းရန်မှာ မည်ကဲ့သို့မျှမဖြစ်နိုင်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့ မျှတအောင် မိမိတို့အနေဖြင့် ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဒေသတွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် စီမံကိန်းစီးပွားရေးစနစ်ကို သွားသည့်နိုင်ငံတစ်ခုမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်ကို သွားသည့်နိုင်ငံဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မူဝါဒချမှတ်ပေးခြင်းသာဖြစ်ပြီး ပုဂ္ဂလိကများ၊ လုပ်ငန်းရှင်များက လုပ်ဆောင်ရမည်ဖြစ်ကာ ထိုသို့ လုပ်ဆောင်နိုင်မှသာလျှင် ကုန်ဈေးနှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေး၊ သောက်ရေးတို့အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပန်းတိုင်ရည်မှန်းချက်အထွက် နှုန်းများ ပြည့်မီအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁၁ ဘီလီယံအထိ ဆုံးရှုံးမှုရှိနေကြောင်း၊ ထို့အတူ သီးထပ်စွမ်းအားများ ပြည့်မီရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်တက် လာမည်ဖြစ်ပြီး အရည်အသွေးပြည့်မီသည့်ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ပိုမိုတင်ပို့ သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်တည်ရှိနေမှု အနေအထားအရ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ကြီးမားသည့်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး သွားကြစေလိုကြောင်း။
ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ အဆောက်အဦများ၊ လမ်း၊ တံတားများရှိပြီး ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်အနာဂတ်တွင် အဆောက်အဦများဆောက်လုပ်ရာ၌ ရစ်(ခ်)တာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိသည့် အဆောက်အဦ များကိုဆောက်လုပ်သွားရန် မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံသားများအတွက်သာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ကွပ်ကဲသွားကြရန်လိုကြောင်း၊ ငလျင်သဘာဝဘေးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် ငွေကြေးကုန်ကျမှုများကိုမကြည့်ဘဲ ယခုထက်ပိုသည့်၊ စိတ်ချရသည့်၊ ခိုင်ခံ့မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကိုဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ခံယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ငလျင်သဘာဝဘေးအလွန် ပြန်လည် ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ဆောင်ရွက်ရန် လိုအပ်သည်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန် အကြံပြုတိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာရှင်များက “မြန်မာပြည် ဇာမဏီ” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။ ၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ မေလ ၃၀ မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

