
မေလ ၂၅ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ရေ၊ မီးရရှိမှုအခြေအနေများ၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ ၊၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။
ထို့နောက် ကျောင်းဝန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ သက်သာချောင်ချိရေး အရောင်းဆိုင်၊ မွေးမြူရေးအစာစပ်စက်ရုံ၊ ခေတ်မီအားကစားကွင်းနှင့် အားကစားရုံ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ သက်သာချောင်ချိရေးအတွက် ဥစားကြက်၊ အသားစားကြက်၊ ငါးခူ မွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရာသီသီးနှံ စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
