နန်းယွန်း-ပန်ဆောင် လမ်းပိုင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင်လမ်းပိုင်းတွင် လမ်းသား ပြတ်ကျခြင်းနှင့် Box Culvert တစ်စင်း မြေကာနံရံ တစ်ဖက်လဲကျပြီး လမ်းသားပြိုကျပျက်စီးခဲ့သည်။
   အဆိုပါ လမ်းသားပျက်စီးသွားသည့်နေရာများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများ ရန်ပုံငွေကျပ် ၁၂၀ ဒသမ ၉၈၀ သန်းဖြင့် ပေ ၃၀ သံကူကွန်ကရစ် တံတားတစ်စင်းနှင့်  ၅ ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    လက်ရှိလမ်းပိုင်းအတွက် လိုအပ်သော ကွန်ကရစ်တံတားနှင့် Box Culvert များ တည်ဆောက်ပေးခြင်းကြောင့် ကျေးရွာပေါင်း ၂၄ ရွာ၊ အိမ်ခြေ ၄၃၅၁ လုံး၊ လူဦးရေ ၂၇၉၄၀ ၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကာ ကုန်စည်စီးဆင်းမှုအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph