နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြန်မာနိုင်ငံတဝှမ်း လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအတွက် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ "ဓမ္မပါလ ပရိယတ္တိစာသင်တိုက်" သို့ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်း၊ ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်၊ ခရိုင်သာသနာရေးမှူး၊ အိမ်တွင်းမှုသင်တန်းကျောင်းအုပ်နှင့် ရုံးဝန်ထမ်းများက ဆွမ်းဆန် ၁၀ အိတ်၊ ဆီ ၂၀ ပိဿာ၊ ကုလားပဲ ၁၅ ပိဿာ စသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများကို တိုက်အုပ်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြားခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့လည်း ဆက်လက် ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။