နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်
ပြည်နယ်အတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်း ကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသူများသည် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူ များဖြစ်အောင် အစဉ်ကြိုးစား၍ အိမ်တွင်းမှုပညာရပ်များကို အသုံးချကာ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများနှင့် ဒေသအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။
မုဒုံမြို့နယ် ကွမ်တာကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုး ရာလက်ရက်ကန်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသူများအတွက် အိမ်တွင်းမှုသက်မွေး ပညာရပ် များကို တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အပ်ချုပ်စက်များ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်း၍ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်များ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း ကျောင်းဆိုင်ရာ အချက်အလက် များနှင့် သင်တန်းဖွင့်လှစ် သင်ကြားမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။