ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဒီဇင်ဘာလ ၁၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ နှင့် လွယ်မောတောင်တန်းဒေသများ၌ အစားထိုး ဖွံ့ဖြိုးမှု လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ယက် ဖောက်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကောင်းကလွန်း-လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃)  ၂ မိုင် ၆ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်း နှင့် Box Culvert ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြ မှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ထို့နောက် ပန်ကလ-ဒုံလိတန် ၁ မိုင် ၅ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်းနှင့် ၃ မိုင် ၂ ဖာလုံ အမာခံခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပါခက်-ပန်ကလ ၁ မိုင် ၄ ဖာလုံ မြေလမ်း ဖောက်လုပ်ခြင်းနှင့် ပေ ၂၀ တံတား ဆောက်လုပ်ပြီးစီးမှု၊ ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ ၁၀ မိုင် ၃ ဖာလုံ မြေလမ်း ဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေး ရေမြောင်းများ နှင့် Box Culvert များအား စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းအတက်အဆင်းများ ချောမော ပြေပြစ်အောင် ဆောင်ရွက်ရန်နှင့် အချိန်မီ ပြီးစီးရေးတို့အား မှာကြားခဲ့ပါသည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်း ဒေသတို့တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ကျောက္ကချား-နတ်စင်-ပန်ကလ လမ်း ၆ မိုင် ၄ ဖာလုံ၊ နတ်စင်-ပါခက်-ပန်ကလ လမ်း ၃ မိုင် ၁ ဖာလုံ၊ ပါခက်-နောင်လိုင်လမ်း လမ်းတာချဲ့ ၄ မိုင် ၄ ဖာလုံ တို့အားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပန်ကလ-ဒုံလိတန် မြေသားလမ်း ၃ မိုင် ၂ ဖာလုံ၊  ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ မြေသားလမ်း ၁၀ မိုင် ၃ ဖာလုံနှင့် လပ်တိုင်-နားခိုက်-ဝမ်တီး-ပန်ဟိုင်း-သီဟိုး လမ်း ၁၅ မိုင် ၁ ဖာလုံ တို့အား အဆင့်မြှင့်တင်ခြင်း၊ လပ်တိုင်-ထမ့်ယမ်း-နောင်တဗန်-ဆော့ဆားလမ်း လမ်းတာချဲ့ ၄ မိုင် ၂ ဖာလုံ တို့အား လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက္ကချား - နတ်စင် - ပန်ကလလမ်းနှင့်  နတ်စင်- ပါခက် - ပန်ကလ လမ်းတို့တွင် အတက်အဆင်း မတ်စောက်သည့် နေရာများ၌ ၁ မိုင် ကွန်ကရစ်ခင်းခြင်း၊ ပါခက်-နောင်လိုင် ၄ မိုင် ၄ ဖာလုံ လမ်းတာချဲ့ ပြီးစီးသည့် အပေါ်တွင် လိုအပ်သည့် Box Culvert နှင့် ရေကျော်များတည်ဆောက်ခြင်း၊ နားမွန်း-ထီအုံစောက်-တနိုင်မွန်လမ်း ၁၀ မိုင် ၁ ဖာလုံ လမ်းတာ ချဲ့ခြင်းနှင့် Box Culvert ၈ စင်း တည်ဆောက်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အလားတူ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဒုံလိတန်-နားလုံး-ဟိုင်းနွဲ့ လမ်းပိုင်း ၉ မိုင် ၂ ဖာလုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောင်ရွက် ပေးသွားမည်ဖြစ်၍ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မဲနယ်တောင်တန်းဒေသနှင့်  လွယ်မောတောင်တန်း ဒေသအတွင်း တောင်-မြောက်-အရှေ့-အနောက် လမ်းကွန်ယက်များ ဖြစ်ပေါ်လာပြီး ဒေသတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများစွာ တိုးတက်လာမည် ဖြစ်သည့်အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါ သည်။
    ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဦးစီးမှူး၊ လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်များမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် တို့က အမှာစကား အသီးသီး ပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများနှင့် အတူ နေ့လည်စာသုံးဆောင်ခဲ့ကြပါသည်။ 
    ယင်းနောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ သင်တန်းခန်းမများနှင့်  ဥစားကြက်ခြံ တို့အား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ ရောက်ရှိပြီး  ရုံးဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ 
    ဆက်လက်၍ အေးသာယာမြို့၊ စွယ်တော် ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များနှင့် ဘုန်းတော်ကြီးသင် ကျောင်းသား/ ကျောင်းသူများအတွက် ဆွမ်းဆန်တော်၊ ကျောင်းသုံးဗလာ စာအုပ်များအား လှူဒါန်း ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက် အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများအား လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်ရှိသည်များ နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ သည်။
    ထို့နောက် ညောင်ရွှေမြို့နယ်ရှိ ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆန်အိတ်များ ဆပ်ကပ် လှူဒါန်းကာ ကျောင်းဝန်းအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ပညာသင်ကြားနေကြသော ကျောင်းသား၊  ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေးအတွက် လိုအပ်သည်များအား ကူညီပံ့ပိုးပေးခဲ့ပါသည်။ 
    ဆက်လက်၍ အောင်ပန်းမြို့ရှိ စက်မှုလက်မှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ရှင်းလင်းမှာကြား၍ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း အတတ်ပညာများ လေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းဝန်းအတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ထို့နောက် ကလောမြို့၊ ရပ်ကွက် (၈) မှ ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ ကျေးရွာသွားလမ်း ၈ မိုင် တွင် ပြည်ထောင်စုမှ ၂ မိုင်နှင့် ပြည်နယ်မှ ၂ မိုင်ဖြင့် စုစုပေါင်း  ၄ မိုင် အပြီးသတ် ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်း၊ ရှုခင်းသာ-ဟင်းခါးကုန်း-ဆင်တောင်-ခွေးရုပ် လမ်း ၅ မိုင် မြေလမ်း တာချဲ့ခြင်း လုပ်ငန်းနှင့် ကလောမြို့နယ် နန်းသဲ- တောင်လား - တောင်ကွဲ - နန်းတိုင်း လမ်း ၁၅ မိုင် ၅ ဖာလုံတွင် ၂ မိုင် ၆ ဖာလုံ အပြီးသတ်ကတ္တရာခင်းခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းနှင့် ဒေသခံ ပအိုဝ်း၊ ပလောင်၊ ဓနု၊ တောင်ရိုး တိုင်းရင်းသားများအား ရင်းနှီးခင်မင်စွာ တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload