မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူး-ဝင်းစိန် ကျေးရွာချင်းဆက် မြေသားလမ်း ၁/၃ မိုင်ဖောက်လုပ်ခြင်းနှင့် ၅ ပေ Box Culvert ၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၉၈.၉၀၃ သန်းဖြင့် Pearl (7) Star ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
အဆိုပါလမ်း အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်စဉ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းသဖြင့် လမ်းပိုင်းအချို့နေရာများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးရွာသွန်းမှုမရှိတော့သည့်အချိန်မှစတင်၍ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ထင်းရူး-ဝင်းစိန် ကျေးရွာချင်းဆက်မြေသားလမ်းသည် မူလက ပျမ်းမျှအကျယ် ၁၂ ပေ၊ အမြင့် ၄ လက်မခန့်သာရှိပြီး မိုးရာသီတွင် ရေနစ်မြုပ်လေ့ရှိသဖြင့် မြေသားလမ်းအဖြစ် ဆောင်ရွက်ရာတွင် သတ်မှတ်နှုန်းထားအတိုင်း လမ်းအကျယ် ၂၆ ပေ၊ အမြင့် ၂ ပေ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းဘေးမြေများအပြင် ပြင်ပမှ ဂဝံမြေများကိုပါ အသုံးပြုခဲ့သဖြင့် လမ်းသားကျစ်လစ်သိပ်သည်းမှု ပိုမိုကောင်းမွန်ကြောင်း၊ အလားတူ လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် ၅ ပေ Box Culvert ၅ စင်းကိုလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။