အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်   ဩဂုတ်  ၂၁
   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့တို့ ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။
   တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်း‌ဆောင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
   တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်  နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်း‌ဆောင်  ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
   ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က  တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့် အချက်များကို အဆိုပြုတင်ပြကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ညှိနှိုင်းရေး ကော်မတီဘက်မှဆွေးနွေးလိုသည့် အချက်များအား အဆိုပြု ဆွေးနွေးသည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့်အချက်များနှင့် နှစ်ဖက် အဆိုပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။
   ဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ်လ ၂၂ ရက်(ယနေ့)တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload