နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်အား ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ   ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် အဆိုပါဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ဒုတိယကျောင်းအုပ်ကြီးက အုပ်ချုပ်‌ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပါမောက္ခ၊ ဌာနမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာသာမက အတတ်ပညာများပါ သင်ကြားပေး‌စေလိုကြောင်း၊ ယနေ့ခေတ်သည် အချိန်နှင့်တစ်ပြေးညီ တိုးတက်နေသည့်အတွက် ခေတ်နှင့်လျော်ညီသည့် နည်းပညာများ လေ့လာသင်ယူပေးစေလိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲစေရန်နှင့် ကျောင်းဆင်းပြီးပါက နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်မည့်သူများ ဖြစ်သည့်အတွက် စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်ခံယူချက်ကောင်းမွန်သည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုအပြီး ကျောင်းပိတ်ရက်ကာလအတွင်းကျောင်းသား၊ ကျောင်းသူများ အရည်အသွေး ပိုမိုပြည့်ဝစေရန်အတွက် ကွန်ပျူတာသင်တန်း၊ AI သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ မြန်မာ့ရိုးရာအခြေခံနှင့် အဆင့်မြင့်သိုင်းသင်တန်း လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စားရိပ်သာ၌ ကျောင်းသား များနှင့်အတူ နေ့လယ်စာအား သုံးဆောင်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်လေ့လာ ဖတ်ရှုမှု မှတ်တမ်းများနှင့် စာအုပ်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ သက်သာချောင်ချိရေး အရောင်းဆိုင်နှင့် အသားစားကြက်၊ ဥစားကြက်များ မွေးမြူထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။ 
ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် RC ၂ ထပ် ‌ကျောင်းသူအိပ်ဆောင် (၁၇၄x၆၂x၂၃) ပေ တည်ဆောက်နေမှုနှင့် မိုးလုံလေလုံ အားကစားရုံ (၁၈၀x ၁၀၀x၃၆) ပေ တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph