နေပြည်တော်၊ ဇူလိုင်လ ၈ ရက်
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၇-၇-၂၀၁၇) ရက်နေ့မှ (၈-၇-၂၀၁၇) ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စုသို့ ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ (၇-၇-၂၀၁၇) ရက်နေ့တွင် ပင်လောင်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ သက်ဆိုင်ရာ၀န်ထမ်းများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ၀န်ထမ်းများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်း၀င်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုမှတစ်ဆင့် နောင်တရားမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယ၀န်ကြီးမှ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းများဖြစ်သည့် နောင်တရားဒေသအတွင်း ပေါ့အင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်စု (၄) စု၌ စီမံကိန်း လုပ်ငန်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်း/တံတား၊ လျှပ်စစ်မီးရရှိရေးနှင့် အသေးစားချေးငွေ လုပ်ငန်းများအား (၃) နှစ် သက်တမ်းအတွင်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ၀န်ကြီးဌာနများ၊ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ဒုတိယ၀န်ကြီးနှင့် အဖွဲ့၀င်များသည် နောင်တရားမြို့နယ်အတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) ဆောင်ရွက်နေသည့် လမ်းတံတားလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး နောင်တရားမြို့နယ် ဘုရားဖြူ (ဟောင်း) ကျေးရွာသို့ရောက်ရှိကာ ၄င်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ (၈၆) ဦးအတွက် ကျောင်း၀တ်စုံဖြူ/စိမ်း၊ စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
၄င်းနောက် ဒုတိယ၀န်ကြီးသည် (၈-၇-၂၀၁၇) ရက်နေ့တွင် လွိုင်ကော်မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ ၀န်ထမ်းများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ၀န်ထမ်းများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်း၀င်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျာင်းနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လွိုင်ကော်) သို့ ရောက်ရှိပြီး ၀န်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ၀န်ထမ်းများနှင့် သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်း၀င်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်တွဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/သူ (၁၀၁) ဦးအတွက် ကျောင်း၀တ်စုံ ဖြူ/စိမ်းနှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆိုက်ခေါင်မြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်မည့် ပန္နက်တင်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဆီဆိုင်မြို့နယ် နမ့်ပန်မူကျေးရွာ ရေကန်အနီးရှိ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်ကာ သစ်ပင်စိုက်ပျိုးပေးပြီး အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ရေးရာ၀န်ကြီးဌာန ရန်ပုံငွေဖြင့် ဖောက်လုပ်ထားရှိသည့် လမ်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆိုက်ခေါင်မြို့နယ်အတွင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။