ရန်ကုန် အောက်တိုဘာ ၂၇
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၏ ၂၀၁၆ ခုနှစ်၊ သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်း သားလူမျိုးများ၏ သားကောင်းရတနာ ရင်သွေးများကို နိုင်ငံတော်အနာဂတ်အတွက် တန်ဘိုးရှိတဲ့ သားကောင်းရတနာများအဖြစ် (၁၄) ကြိမ်မြောက် မွေးထုတ်ပေးနိုင်တဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားများအတွက် ဂုဏ်ယူဖွယ်ရာ နေ့တစ်နေ့ဖြစ်သလို နိုင်ငံတော်အတွက် တန်ဘိုးရှိသော ဝန်ထမ်းကောင်းများ တိုးပွားလာသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဤဒီဂရီကောလိပ်မှ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် မွေးထုတ်ပေးသောနေရာဖြစ်သဖြင့် ကျောင်းဆင်း ပြီးသော်လည်း မိမိတို့တာဝန်ထမ်းဆောင်မည့် ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် နိုင်ငံတော်၏ သားကောင်းရတနာများ ဖြစ်မယ်လို့ ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားလူငယ်များ အနေနဲ့ မိမိ၏ မူလတာဝန်များအပြင် ပြည်ထောင်စု၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ ကိုလည်း တက်ကြွစွာ ပူးပေါင်းပါ၀င်ဆောက်ရွက်ဖို့ အထူးတာ၀န်တစ်ရပ်အနေဖြင့် အလေးထား မှာကြားလိုပါကြောင်း၊ ကမ္ဘာ့ရာသီဥတုဖောက်လွဲ ဖောက်ပြန်မှုကြောင့် မိမိတို့နိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ဒေသတွေမှာရော မကျရောက်သေးတဲ့ ဒေသတွေမှာရော တာဝန်ထမ်းဆောင်ရမဲ့ ကျောင်းဆင်းတိုင်းရင်းသား လူငယ်၀န်ထမ်းများ အနေနဲ့ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်လာခဲ့ရင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြုပြင်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးများမှာလည်း စေတနာထက်သန်စွာနဲ့ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်လို့လည်း နိုင်ငံဝန်ထမ်း ပညာတတ် များအနေနဲ့ လူ့ဘောင်အဖွဲ့အစည်းတိုးတက် ကောင်းမွန်ရန် အထောက်အကူပြုတဲ့ မှန်ကန် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကိုလည်း ကိုယ်စီစောင့်ထိန်း သွားကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ပိတ်ဆို့တားဆီးမည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမျိုးသားရေးအသိစိတ်ဓါတ်ဖြင့် ဆန့်ကျင်တော်လှန်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က သင်တန်းဆင်း ဝိဇ္ဇာ ထူးချွန်ဆုရ (ရခိုင်) တိုင်းရင်းသား မောင်ကျော်လှိုင်ဆန်း ၊ သိပ္ပံထူးချွန်ဆုရ( ကိုးကန့်) တိုင်းရင်းသား မောင်ကျော်နိုင် နှင့် B.Tech ထူးချွန်ဆုရ (မွန်) တိုင်းရင်းသား မောင်မင်းလွမ်းဝေတို့အား ဆုအသီးသီး ချီးမြှင့်ပေးအပ်ပြီးနောက် တက်ရောက်လာသော ဧည့်သည်တော်များနှင့် ကျောင်းဆင်း ကျောင်းသား များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသားများနှင့် ကျောင်းဆင်းတိုင်းရင်းသား လူငယ်များ၏ မိဘများအား လိုက်လံနှုတ်ဆက် ခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီးတို့မှ သင်တန်းဆင်း ကျောင်းသားများအား သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် မှ ယခုနှစ် သင်တန်းအမှတ်စဉ် (၁၄) ကျောင်းဆင်းကျောင်းသား အရေအတွက် မှာ ဝိဇ္ဇာဘွဲ့ ကျောင်းသား (၃၈) ဦး၊ သိပ္ပံဘွဲ့ရ ကျောင်းသား (၁၉၈) ဦးနှင့် B.Tech ဘွဲ့ရကျောင်းသား (၁၃၅) ဦး စုစုပေါင်း(၃၇၁) ဦး ဖြစ်ပါသည်။
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ၂၀၀၃ ခုနှစ် သင်တန်းအမှတ်စဉ် (၁) မှ ၂၀၀၅ ခုနှစ် သင်တန်း အမှတ်စဉ် (၁၃) ထိ သင်တန်းဆင်း ပြီးသော ဝိဇ္ဇာဘွဲ့ (၅၈၇) ဦး၊ သိပ္ပံဘွဲ့(၁၄၂၈) ဦး၊ AGTI ဒီပလိုမာ (၈၁၉) ဦး၊ B.Tech ဘွဲ့ရကျောင်းသား(၁၃၅) ဦး စုစုပေါင်း (၂၉၆၉) ဦးတို့သည် နိုင်ငံအစိုးရလက်အောက်ရှိ ဝန်ကြီးဌာန များ၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး တာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း သတင်းရရှိသည်။