နေပြည်တော် ဖေဖော်ဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် (၂၁-၂-၂၀၁၈)ရက်နေ့မှ (၂၄-၂-၂၀၁၈)ရက်နေ့အထိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မိတ္ထီလာ)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မိတ္ထီလာ)၌ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရပ်စောက်မြို့နယ်၊ ဆင်တောင်ကျေးရွာရှိ နှစ်ထပ်ဘုန်းတော်ကြီးကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့မှတဆင့် ကျောက်ဂူ-ထမင်းပေါင်း-ကျောက်မီးခတ်-မရင်းကုန်း (၆/၁)မိုင်အနက် ကျောက်ချောလမ်း (၃/၀)မိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ကျောက်ဂူ-နောင်ရိုးလမ်း (၁၀/၀)မိုင်ရှိသည့်အနက် (၅/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ ကျောက်ဂူ-နောင်ရိုး (၂၂/၀)မိုင်အနက် ကျန်ရှိသည့် (၁၅/၀)မိုင် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းအားလည်းကောင်း၊ ဆိုက်ခေါင်ဘေလီတံတား (၂၀၀)ပေ၏ ချဉ်းကပ်လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းနှင့် ကျောက်ချခြင်း (၃၀၀)ပေလုပ်ငန်း အားလည်းကောင်း၊ နောင်ဝိုး-ညဉ့်စဉ် မြေလမ်း(၂/၀)မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်းများနှင့် နောင်ဝိုး-ညဉ့်စဉ် လမ်းပေါ်တွင် လိုအပ်သော(၁၂)ပေ၊ (၁၄)ပေနှင့် (၃၀)ပေ ကွန်ကရစ်တံတား (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကလောမြို့နယ်၊ သီခေါင်ကျေးရွာ ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေများ ဆက်ကပ်ပြီးနောက် ဘုန်းတော်ကြီး ကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပင်းတယမြို့နယ်၊ ဖောင်းပြား-မြေနီကုန်း-တောင်ချွန်း-ဝါးပြားလမ်း (၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ မိုင်းအင်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအား လည်းကောင်း၊ ရွှေပုထိုး-နောင်သခေါ-အင်လုံ (၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ရှော်ပင်-လင်းလေ အင်း(၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ သရက်ကုန်း(တောင်)ကျေးရွာ (၁၀/၀)မိုင် စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။