နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ    ၆  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရွှေညောင်ဖူးကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက ပျားမွေးမြူသူများအနေဖြင့် ပျားမွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် မွေးမြူစေရန်၊ ပုဂ္ဂလိက ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ကူညီ‌ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ပျားမွေးမြူသူများအား ပျားရည်ထုတ်လုပ်ရာတွင် လိုအပ်သည့် ပျားရည်ထုတ်စက်နှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ပြောကြားခဲ့ကာ ‌‌ဒေသခံပြည်သူများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ယာဉ်/ယန္တရားကြီးများ  ထိန်းသိမ်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်/ယန္တရားကြီးများ ကြံ့ခိုင်မှု၊ ထိန်းသိမ်းထားရှိမှု၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တမာကုန်းကျေးရွာအုပ်စု၊ တမာကုန်း (မြောက်ရွာ)တွင် သောက်သုံးရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် ၄ လက်မ စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကန်ဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက်ပြက္ခရွေ တောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ‌ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ဖောက်လုပ်ပြီးစီးမှု၊ အဆိုပါလမ်းပေါ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်‌ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း၊ Box Culvert၊ ကျောက်စီရေမြောင်း၊ ကွန်ကရစ်ရေကျော်၊ ကွန်ကရစ်မြေထိန်းနံရံ လုပ်ငန်းများ၊ ပြက္ခရွေတောင်ပေါ်ရှိ စွယ်‌တော်မြတ်စေတီ ပရိဝုဏ်အတွင်း ဆောင်ရွက်လျက်ရှိသည့် (၅၀x၃၀x၂၄)ပေ RC ၂ ထပ် ဓမ္မာရုံ တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph