နေပြည်တော်၊ သြဂုတ်လ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းသား (၃) ထပ် အိပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းသား (၃) ထပ် အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့သည်။
ယင်းနောက် တာဝန်ယူဆောက်လုပ်ခဲ့သည့် Golden Gate ကုမ္ပဏီမှ အဆောက်အဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေး အပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား (၃) ထပ်အိပ်ဆောင်သစ်အား လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေအား ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် အထူးအလေးထားဆောင်ရွက်ပေးလျက် ရှိနေသကဲ့သို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်လည်း ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသအသီးသီးမှာရှိသည့် တိုင်းရင်းသား လူငယ်များလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆင့်မြင့်ပညာရပ်များအား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့၌ လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး အောင်မြင်တတ်မြောက်သူများအား လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှု၊ ဘာသာစကား ကွဲပြားမှု၊ ရာသီဥတုအခြေအနေ ဆိုးဝါးမှုနှင့် ဝေးလံခေါင်ပါး၍ ပြည်မမှ သွားရောက်ရန်ခက်ခဲသည့် နယ်စပ်ဒေသအသီးသီးသို့ တိုင်းရင်းသားလူငယ်များ ၏ ပညာရည်တိုးတက် မြင့်မားလာစေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များ၌ ခန့်အပ်တာဝန် ပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။