နယ်စပ်ရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်လ  ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၀၇:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနဝန်ထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။    
    သစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။ ယနေ့ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မဟော်ဂနီပင်၊ ကံ့ကော်ပင်၊ ပိတောက်ပင်၊ သပြေပင်နှင့် ငုချယ်ရီ စုစုပေါင်း(၉၃၀)ပင်ကို စိုက်ပျိုးခဲ့ပါသည်။
     ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကျွန်း (၅၁၆) ပင်၊ ပျဉ်းကတိုး(၄၇၅)ပင်၊ မဟော်ဂနီ(၂၇၅)ပင်၊ ကံ့ကော် (၉၅) ပင်၊ ပိတောက် (၅၀) ပင်၊ သပြေ (၅၀) ပင်၊ ငုချယ်ရီ(၅၅)ပင် စုစုပေါင်း ရတနာတန်းဝင်သစ်ပင်(၁၅၁၆) ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသား၊ သမီးများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပညာသင်ကြားဆဲ ဝန်ထမ်းသား၊ သမီးများအားပညာသင် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၈:၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။
    အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြားရာ၌ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာများ၊ နည်းဗျူဟာများချမှတ်ရေးဆွဲရာတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လာပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီးသည့် နိုင်ငံများကို ကြည့်မည်ဆိုလျှင် အဓိကအချက်ဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ကြောင့်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်(Knowledge age) ကို  ကူးပြောင်း ရောက်ရှိ နေပြီ ဖြစ်သည့်အတွက် နိုင်ငံသားအားလုံး အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံတကာနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်မည့် ခေတ်မီနိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း၊  တစ်ဖက် ကလည်းနိုင်ငံတိုင်းသည် ပညာခေတ်၏စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်မိမိနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူငယ်များ၊ လူတော်လူကောင်းများဖြစ်လာစေရန် အပြိုင်အဆိုင်ပြုစုပျိုးထောင်လျက်ရှိပါကြောင်း၊ ယနေ့မြန်မာနိုင်ငံမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကဏ္ဍ အဆင့်အတန်းမြင့်မားရေး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊  မိမိသင်ယူတဲ့ ပညာရပ်ဆိုင်ရာ သာမက Emotional Quotient(EQ)လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်မြင့်မားလာအောင်၊ ဗဟုသုတ တွေတိုးပွားလာအောင်၊ ကိုယ်ချင်းစာ တရားရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူများဖြစ်အောင် ကျောင်းစာအပြင် ပြင်ပစာပေ မျိုးစုံ ကိုလည်း လေ့လာဖတ်ရှုဖို့မှာကြားလိုပါကြောင်း၊ မိမိဘဝတိုးတက်ရေးနှင့် မိမိပညာရေးကို နှောင့်ယှက်ဖျက်ဆီးမည့် မသက်ဆိုင်သည့် နယ်ပယ် တွေကို စိတ်မဝင်စားမိဖို့နဲ့ မစူးစမ်းမိစေဖို့ ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က အားထားရမည့် လူကောင်းလူတော်များ ဖြစ်လာအောင် ကျင့်ကြံပြုမူ၊ ပြောဆို၊ လုပ်ကိုင် နေထိုင်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းသား၊ သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ညွှန်ကြားရေးမှူးချုပ်များသို့ ထောက်ပံ့ပေးအပ်ပြီး၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(၃)ကျောင်းနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်ခိုင်မေကြူက ၅ ဘာသာဂုဏ်ထူးရှင် သုံးဦးနှင့်   ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့သည်။
    ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများ ကိုယ်စား  ၆ ဘာသာဂုဏ်ထူးရှင် မသော်တာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီး (၉၉) ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၅၉ ဦးအောင်မြင်ခဲ့ပြီး ၆ ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ၂ ဘာသာဂုဏ်ထူးရှင် လေးဦး၊  ၁ ဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ ပေါင်း ၂၀ ဦးနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများ၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်း

ကျောင်းနှင့် အထောက်အပံ့ခံကျောင်းများမှ ၁၄၄၁ ဦးဖြေဆိုခဲ့ရာ  ၃၅၃ဦးအောင်မြင်ခဲ့ပြီး ၅ ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် သုံးဦး၊  ၃ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊  ၁ ဘာသာဂုဏ်ထူးရှင် ၅၈ ဦး၊ ပေါင်း (၇၇) ဦးဖြစ်ပြီး ဝန်ကြီးဌာနတစ်ခုလုံး အနေဖြင့် ဂုဏ်ထူးရရှိသူစုစုပေါင်း ၉၇ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၁၅ ဦး စုစုပေါင်း ၄၁၂ ဦး အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph